<

ပင်လုံမီးပွိုင့်ထိပ်တွင် YBS (၅၉) ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ တစ်ဖက်ယာဉ်ကြော လမ်းနံဘေးမြောင်းအတွင်း ထိုးကျမှုဖြစ်ပွား

ဘရိတ်ပေါက်၍ တစ်ဖက်ယာဉ်ကြော လမ်းနံဘေးမြောင်းအတွင်း ထိုးကျခဲ့သည့် YBS ၅၉ ခရီးသည်တင်ယာဉ်အား ဖြစ်ပွားအပြီးတွေ့ရစဉ်

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံအိမ်ယာအနီးရှိ ပင်လုံမီးပွိုင့်ထိပ်တွင် YBS ၅၉ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ တစ်ဖက်ယာဉ်ကြောမှ လမ်းနံဘေးမြောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီက စံပြဈေးမှတ်တိုင်မှ တံတားဖြူမှတ်တိုင်ဘက်သို့  မောင်းနှင်လာသော YBS ၅၉ ခရီးသည်တင်ယာဉ်သည် ပင်လုံမီးပွိုင့် မရောက်မီ ဘရိတ်ပေါက်သွားသောကြောင့် ယာဉ်မောင်းက ယာဉ်အား တစ်ဖက်ယာဉ်ကြော လမ်းနံဘေးသို့ ဆွဲချခဲ့ရခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

“မီးပွိုင့်မရောက်ခင်မှာ ဘရိတ်က ပေါက်သွားတာ။ ပေါက်ရုံတင်မဟုတ်ဘူး။ ပြုတ်ပါထွက်သွားတယ်။ ခရီးသည်တွေကိုလည်း ပြောတာပေါ့။ ဘရိတ်ပေါက်သွားပြီလို့။ ဒီဘက် ယာဉ်ကြောမှာလည်း ကားလေးတွေရှိတယ်။ နေရာအလွတ်လည်း မရှိဘူး။ ကံကောင်းတာက တစ်ဖက်ယာဉ်ကြောမှာ ကားမရှိဘူး။ အဲဒါ နဲ့ ရှင်းတဲ့ဘက်ကို ဆွဲချလိုက်ရတယ်” ဟု မြောင်းအတွင်းထိုးကျခဲ့သည့် အဆိုပါ ၅၉ ယာဉ်မှ ယာဉ်မောင်းက ပြောကြားသည်။

ဘရိတ်ပေါက်၍ မြောင်းအတွင်း ထိုးကျခဲ့သည့် YBS ၅၉ ခရီးသည်တင်ယာဉ်ပေါ်တွင် ခရီးသည် ၃၀ ခန့် လိုက်ပါစီးနင်းလာသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ရထားသံလမ်းပိတ်ထားချိန် ဖြစ်သောကြောင့် တံတားဖြူ မှတ်တိုင်မှ စံပြဈေးမှတ်တိုင်ဘက်သို့ သွားသည့် ယာဉ်ကြောသည် ရှင်းလင်းနေခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။

 

 

December 17, 2017














Copy Protected by Chetan's WP-Copyprotect.