နိုင်ငံရေးမျိုးဆက်များ ပါဝင်ထူထောင်မည့် ပါတီအမည်ကို ရှစ်လေးလုံးပါတီဟု သတ်မှတ်ပြီး ပါတီမှတ်ပုံတင်ခြင်းအား ယခုနှစ်မကုန်မီ ဆောင်ရွက်မည်

နိုင်ငံရေးမျိုးဆက်များ ပါဝင်ထူထောင်မည့် ပါတီအမည်ကို ရှစ်လေးလုံးပါတီဟု သတ်မှတ်ပြီး ပါတီမှတ်ပုံတင်ခြင်းအား ယခုနှစ်မကုန်မီ ဆောင်ရွက်မည်
Published 18 December 2017

ပါတီဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ် ဗဟိုအစည်းအဝေးတွင် ဦးကိုကိုကြီးက ဆွေးနွေးနေစဉ် (ပုံကြီး) နှင့် ပါတီအလံနှင့် အမှတ်တံဆိပ်ကို တွေ့ရစဉ် (ပုံသေး)

နိုင်ငံရေးမျိုးဆက်အသီးသီး ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီအမည်ကို ရှစ်လေးလုံးပါတီ ဟု သတ်မှတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခြင်း ကိစ္စရပ်များကို ယခုနှစ်မကုန်မီ ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ် ဗဟိုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ် ဗဟိုအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ  ဓမ္မပီယကျောင်းတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနှစ်ရက်တာ အစည်းအဝေးတွင် ပါတီအမည်၊ ပါတီဖွဲ့စည်းပုံ၊ ပါတီအလံ၊ တံဆိပ်တို့ကို အတည်ပြုချက်ရရှိခဲ့ပြီး ပါတီထူထောင်လိုသူများ စာရင်းကိုလည်း လျာထားပြီဖြစ်သည့်အတွက် ပါတီမှတ်ပုံတင်ခြင်း ကိစ္စရပ်များအား မကြာမီရက်ပိုင်းအတွင်း ကြိုးစားသွားမည်ဟု နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့မှ ဦးမင်းဇေယျက ပြောကြားသည်။

“ပါတီအမည်ကတော့ တရားဝင်အသိပေးလို့တော့ ရပြီပေါ့နော်။ ဒီ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ စုံညီအစည်းအဝေးမှာ တက်ရောက်လာတဲ့ ဖြစ်မြောက်ရေးကော်မတီဝင်တွေ၊ နယ်အသီးသီးက ကော်မတီဝင်တွေအားလုံးရဲ့ တစ်ခဲနက်သဘောတူညီချက်အရ ကျွန်တော်တို့ထောင်မယ့် ပါတီရဲ့နာမည်ကတော့ ရှစ်လေးလုံးပါတီပါ။ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဗမာလိုရေးရင် ရှစ်လေးလုံးပါတီပါ။ အက္ခရာဂဏန်း မဟုတ်ပါဘူး။ ပါတီမှတ်ပုံတင်ဖို့ ကိစ္စကလည်း အားလုံးအဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရပါတယ်။ နှစ်ရက်တာအစည်းအဝေးမှာပဲ ပါတီဖွဲ့စည်းပုံလည်း အတည်ပြုချက်ရခဲ့ပြီ။ ပါတီအမည်လည်း အတည်ပြုချက်ရခဲ့ပြီ။ ပါတီအလံ၊ တံဆိပ်လည်း အတည်ပြုချက်ရခဲ့ပြီ။ တစ်ခါ ပါတီထူထောင်လိုသူများ စာရင်းကိုလည်း လျာထားချက်စီစဉ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် အမြန်ဆုံး သုံး၊ လေး၊ ငါးရက်အတွင်းမှာ တင်နိုင်ဖို့ ကြိုးစားမှာပါ” ဟု ဦးမင်းဇေယျက ပြောကြားသည်။

ပါတီအမည်ကို 'ရှစ်လေးလုံးပါတီ' ဟု အမည်ပေးရခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်း၊ ဖြစ်ပေါ်တိုးတက်မှုအားလုံးသည် ရှစ်လေးလုံးအရေးတော်ပုံကြီးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် တန်ဖိုးထားဂုဏ်ပြုသည့်အနေဖြင့် ရှစ်လေးလုံးဆိုသောအမည်နှင့် ပါတီထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့တာဝန်ခံ ဦးကိုကိုကြီးကပြောကြားသည်။

ဦးကိုကိုကြီးက “အဓိက,ကတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ ဖြစ်ပေါ် တိုးတက်မှုအားလုံးဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတာဖြစ်တယ်။ နောက်ပြီး ကျွန်တော်ဒီမှာ ဆောင်ရွက်တဲ့သူ တော်တော်များများဟာလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ပေါ်ပေါက်လာကြတာဖြစ်တယ်။ ရန်ကုန်မှာနေတဲ့ ဦးဆောင်သူတွေတင်မကဘူး။ နယ်ဒေသ အသီးသီးမှာကိုက ရှစ်လေးလုံးအင်အားစုတွေ၊ အခြေခံပြီးတော့ ဖွဲ့စည်းကြတာဖြစ် တယ်။ နောက်တစ်ခုက ရှစ်လေးလုံးကြွေးကြော်သံဖြစ်တဲ့ ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုတာဟာ ဒီနေ့၊ ဒီအချိန်အထိ တင်းပြည့် ကျပ်ပြည့် အကောင်အထည်မပေါ်သေးဘူး။ တကယ်တမ်း ဒီမိုကရေစီဆိုတာ ဗဟုဝါဒထွန်းကားအောင် ဆောင်ရွက်ရတာဆိုတော့ ဒါကို ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့အတွက် ပါတီအမည်ကို စဉ်းစားတဲ့အခါမှာ ရွေးချယ်စရာ အကြံပြုချက်တွေ အမြောက်အမြားရှိတဲ့ အထဲကနေ နောက်ဆုံးမှာ ရှစ်လေးလုံးဆိုတဲ့ နာမည်ဟာ ဒီမိုကရေစီအရေးတော်ပုံကိုလည်း ကိုယ်စားပြုပြီးသားဖြစ်တယ်။ ပြည်သူတစ်ရပ်လုံးကိုလည်း ကိုယ်စားပြုပြီးသားဖြစ်တယ်။ ဒါကြောင့် ဒီနာမည်ကို တန်ဖိုးထားဂုဏ်ပြုတဲ့ အနေနဲ့ ရှစ်လေးလုံးဆိုတဲ့ နာမည်ကိုပဲ ရိုးရိုးရှင်းရှင်း တခြားဘာစာလုံးမှ မထည့်တော့ဘဲနဲ့ ဒီနာမည်နဲ့ပဲ ပါတီထူထောင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောကြားသည်။

ဆက်လက်၍ ပါတီမူဝါဒ ၁၀ ချက် ချမှတ်ထားပြီး မူဝါဒတွင် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည် ထိပ်တန်းထည့်ထားသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ယင်းမှာ ရှစ်လေးလုံး ငွေရတု အခမ်းအနားမှ  ဆုံးဖြတ်ချက်လည်းဖြစ်ကြောင်း၊ အဆိုပါဆုံးဖြတ်ချက် ဆက်လက်အကောင်အထည် ဖော်ဆောင်ရန်အတွက် ဦးစားပေးတစ်ခုအဖြစ် ရေးဆွဲဖော်ပြထားခြင်းဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့်လည်း တိုက်ရိုက်ဆက်စပ်မှုရှိသည့်အတွက် ဦးစားပေးခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် မဟာမိတ်မူဝါဒကို ပါတီ၏မူတစ်ခုအနေဖြင့် ချမှတ်ထားပြီး ချမှတ်ထားသည့် မူများနှင့်ညီညွတ်ကိုက်ညီသော နိုင်ငံရေးပါတီများအပြင် အရက်ဘက်အဖွဲ့အစည်းများနှင့်ပါ အကြံဉာဏ်၊ပူးပေါင်းဆောင်ရွက်မှုများကို ရယူဆောင်ရွက်သွားမည်ဟု မူဝါဒချမှတ်ထားကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့မှ ဦးရဲနိုင်အောင်က ဆိုသည်။

“ကျွန်တော့်ပါတီရဲ့ အဓိကမူတစ်ခုက မဟာမိတ် ပေါ်လစီ ကျင့်သုံးရေးပါ။ မဟာမိတ် ပေါ်လစီကျင့်သုံးတဲ့အခါမှာ ကျွန်တော်တို့ ချမှတ်ထားတဲ့မူတွေနဲ့ ညီညွတ်တဲ့၊ ကိုက်ညီတဲ့ ကျွန်တော်တို့နဲ့အတူ လက်တွဲနိုင်မယ့် နိုင်ငံရေး ပါတီတွေနဲ့ လက်တွဲပြီးတော့ မဟာမိတ်မူဝါဒကို ကျင့်သုံးသွားမယ်လို့ ချမှတ်ထားပါတယ်။ အလားတူပဲ မဟာမိတ်မူဝါဒကို ကျင့်သုံးတဲ့အခါမှာ နိုင်ငံရေးပါတီတွေတင်မကပါဘူး။ တိုင်းပြည်ရဲ့မူဝါဒတွေ ပုံဖော်တဲ့နေရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကြံ ဉာဏ်၊ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရယူ ဆောင်ရွက်သွားဖို့အတွက် ကျွန်တော့်ပါတီအနေနဲ့ မူဝါဒချမှတ်ထားပါတယ်”ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

အဆိုပါရှစ်လေးလုံးပါတီတွင် ၈၈ အရေးတော်ပုံမျိုးဆက်များအပြင် အခြားနိုင်ငံရေး မျိုးဆက်များလည်း ပါဝင်ကြောင်း၊ ပါတီဥက္ကဋ္ဌ အပါအဝင် ပါတီဝင် အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ရပြီးချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ယခု ရှစ်လေးလုံးပါတီသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းကို ပါတီထူထောင်ခြင်းမဟုတ်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ခြင်း၏ ပထမလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် တွေ့ဆုံ ဆွေးနွေးပွဲကို မတ်လပိုင်းကုန်က ရန်ကုန်မြို့ရှိ  UMFCCI တွင် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် တိုင်းရင်းသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး စသည်တို့နှင့်ပတ်သက်၍ ဦးကျော်ဝင်း၊ ဦးကိုကိုကြီး၊ ဦးစိုင်းညွန့်လွင်၊ ဦးဦးလှစော၊ ဦးမင်းဇင်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြပြီး နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည်တို့နှင့်ပတ်သက်၍ ဦးမင်းဇေယျ၊ ဦးတင်မောင်သန်း (သင့်ဘဝ)၊ ဦးဘိုကြည်နှင့် ဦးခင်မောင်ရင်တို့ က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဗဟိုအဆင့်ဦးဆောင်အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်အတွင်း ပြုလုပ်ကာ ဗဟိုလုပ်ငန်းကော်မတီများ ဖွဲ့စည်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီသစ်၏ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန် သြဂုတ် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီကို ပထမဆုံးဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ရုံးခန်းကို ဟင်္သာတမြို့တွင် အောက်တိုဘာ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။

ထို့အတူ မကွေးတိုင်းဒေသကြီး နိုင်ငံရေး ပါတီဖြစ်မြောက်ရေးကော်မတီကို စက်တင်ဘာ ၁၁ ရက်က ဖွဲ့စည်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီးပါတီဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည်။

အလားတူ စတုတ္ထမြောက်စည်းရုံးရေးအဖြစ်  အောက်တိုဘာ ၂၂ ရက်က မွန်ပြည်နယ်နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီအား ဖွဲ့စည်းခဲ့သည့်အပြင် မြို့နယ်အချို့တွင်လည်း ကော်မတီများဖွဲ့စည်းထားသည်။

ထို့ပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီပွန်ဖောင်ဒေးရှင်းတို့၏ဖိတ်ကြားချက်အရ ဗဟိုလုပ်ငန်းကော်မတီဦးဆောင်အဖွဲ့ တာဝန်ခံဦးကိုကိုကြီး ဦးဆောင်သော နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ အောက်တိုဘာလအတွင်းက လေ့လာရေးခရီး သွားရောက်ခဲ့သည်။

ပါတီစုံဒီမိုကရေစီစနစ်သို့ ဦးတည်သွားနေချိန်တွင် နိုင်ငံရေးပါတီများ အားကောင်းလာရန်လိုအပ်ပြီး၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း ရင့်ကျက်မှု၊ အမြော်အမြင်ရှိမှု၊ အတွေ့အကြုံရှိမှုများ လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး တို့နှင့်ပတ်သက်လျှင် ေ၀ဝါးနေသေး၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနေဖြင့် အသက်အရွယ်၊  ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများအရ မြန်မာနိုင်ငံရေးအကူး အပြောင်းတွင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဒီမိုကရေစီစနစ်ခိုင်မာအားကောင်းလာရေးအတွက် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းရေးအတွက် ၈၈ မျိုးဆက်များသာမက ၆၂ မှစ၍ အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအရေးတိုက် ပွဲဝင်ခဲ့သည့် ရဲဘော်၊ ရဲဘက်များမှ ယုံကြည်ချက်တူသူများအားလုံး ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent