ပလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်သမားများ ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေးသဖြင့် မန္တလေးမြို့သို့ လာရောက်ဆန္ဒထုတ်ဖော်

ပလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်သမားများ ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေးသဖြင့် မန္တလေးမြို့သို့ လာရောက်ဆန္ဒထုတ်ဖော်
Published 18 December 2017

ပုလိပ်မြို့ရှိ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ ဝန်ထမ်းများ မန္တလေးမြို့သို့ လာရောက်ဆန္ဒထုတ်ဖော်နေစဉ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပလိပ်မြို့မှ ပန်ဒါချည်မျှင် အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်သမားများသည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက အဆိုပါစက်ရုံရှေ့မှ စတင်ကာ မန္တလေးမြို့အထိ လာရောက်၍ အလုပ်သမားများ တောင်းဆိုထားသည့် အချက် ၂၈ ချက်အား စက်ရုံနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က လက်ရှိအချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အတွင်းရှိ မနော်ရမ္မံ ဟစ်တိုင်ကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုကို အလုပ်သမားများက ပလိပ်မြို့ရှိ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ စတင်ထွက်ခွာခဲ့ကြပြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ  ၆၂ လမ်း၊ မနော်ရမ္မံ ဟစ်တိုင်ကွင်းအတွင်း စုဝေးဟောပြောခြင်း ကြွေးကြော်ခြင်းများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်မတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက် ၂၈ ချက်ကို လက်ရှိအချိန်အထိ စက်ရုံဘက်ကရော တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘက်ကပါ လိုက်လျောပေးတာ ဖြေရှင်း ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။ ကျွန်မတို့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ တောင်း ဆိုချက် ၂၈ ချက်ကို စက်ရုံဘက်ကရောအလုပ် ရှင်၊ အလုပ်သမား ပြန်လည်စေ့စပ်ညှိနှိုင်း ရေးအဖွဲ့တွေ သက်ဆိုင်ရာအစိုးရ ဌာနဆိုင်ရာ အဖွဲ့တွေရဲ့ရှေ့မှာ နှစ်ဦးနှစ်ဖက် သဘောတူညီ လိုက်နာဆောင်ရွက်ပါမည်ဆိုပြီး သဘောတူညီမှု စာချုပ်လည်း ချုပ်ဆိုထားပါတယ်။ သူတို့ဘက်က စာချုပ်ပါအချက် အလက်တွေကို လိုက်နာဆောင်ရွက်ပါမယ် ဆိုလို့ စက်ရုံဘက်ကို အမှုဖွင့်တရားစွဲဆို ထားတာကိုလည်း ရုပ်သိမ်းပေးလိုက်ပါတယ်။ ဒါ ပေမဲ့ ကျွန်မတို့အလုပ်သမားတွေနဲ့ သဘော တူညီပြီးချုပ်ဆိုထားတဲ့ စာချုပ်ထဲက အချက် ၂၈ ချက်ကို အခုအချိန်အထိ မလိုက်လျောပေးသေးပါဘူး။ အလုပ်ကနေ ထုတ်ပယ်ထားသူ တွေကိုလည်း လုပ်ငန်းခွင် ပြန်ခန့်အပ်တာ မရှိသေးဘူး။ ဒါကြောင့် အခုလို မန္တလေးမြို့ကို လာရောက်ပြီးတော့ ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအားလုံး မရမချင်း ဆက်လက်တောင်းဆို သွားမှာပါ” ဟု အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မဇာခြည်ဝင်းက ပြောကြားသည်။

ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်သမားများက ဆန္ဒထုတ်ဖော်ရာတွင် လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းဟောင်းများ ဘဝအာမခံချက် ရရှိရေး တို့အရေး၊ ၂၈ ချက်ပါ သဘောတူညီချက် စာချုပ်အား အပြည့်အ၀ အကောင်အထည် ဖော်ပေးရေး တို့အရေး၊ လုပ်ငန်းခွင် ဝင်ရောက်ရန် ကျန်အလုပ်အမှုဆောင် နှစ်ဦးအား ပြန်လည်ခန့်ထားပေးရေး တို့အရေး၊ အလုပ်သမားဥပဒေ စိုးမိုးရေး တို့အရေး၊ ဥပဒေအထက်၌ရှိသော အလုပ်ရှင်များ အလိုမရှိ၊ အလုပ်သမားများအရေး ထိရောက်စွာ ဆောင်ရွက်မပေးသော လူကြီးများ အလိုမရှိ အစရှိသည့် စာသားများ ပါဝင်သည် ဗွီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

 

Most Read

Most Recent