ကမ္ဘာပေါ်၌ အကောင်ရေ ၅၀၀ အောက်သာ ကျန်ရှိသော မျိုးသုဉ်းလုနီး ရေညှောင့်နှုတ်ဝိုင်း (ဒီလုံးငှက်) ထက်ဝက်ခန့် မြန်မာနိုင်ငံတွင် ဆောင်းခိုရန် ဝင်ရောက်လေ့ရှိ

ကမ္ဘာပေါ်၌ အကောင်ရေ ၅၀၀ အောက်သာ ကျန်ရှိသော မျိုးသုဉ်းလုနီး ရေညှောင့်နှုတ်ဝိုင်း (ဒီလုံးငှက်) ထက်ဝက်ခန့် မြန်မာနိုင်ငံတွင် ဆောင်းခိုရန် ဝင်ရောက်လေ့ရှိ
Published 18 December 2017

ရေညှောင့်နှုတ်ဝိုင်းငှက်များ မြန်မာနိုင်ငံသို့ လာရောက်ဆောင်းခိုနေစဉ် (ဓာတ်ပုံ-BANCA)

ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာကျန်ရှိသော မျိုးသုဉ်းလုနီး ရေ ညှောင့်နှုတ်ဝိုင်း (ဒီလုံးငှက်) ထက်ဝက်ခန့် သည် မြန်မာနိုင်ငံတွင် ဆောင်းခိုရန်ဝင်ရောက် လေ့ရှိကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ဆောင်းခိုရာတွင် မွန် ပြည်နယ် မုတ္တမကွေ့နှင့် ရခိုင်ပြည်နယ် နံ့သာကျွန်းတွင် ဝင်ရောက်ကြပြီး မုတ္တမကွေ့တွင် အများဆုံး ဝင်ရောက်ကြကာ ရေညှောင့်နှုတ်ဝိုင်း ငှက်ကောင်ရေ ၂၅၀ ခန့်ရှိမည်ဟု ငှက်ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းကြကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ Program Officer Education & Livelihood ဦးသော်ဖြိုးရွှေ၏ ပြောကြားချက်အရ သိရသည်။

“ရေညှောင့်နှုတ်ဝိုင်းတွေက တစ်ကမ္ဘာလုံးမှာမှ အကောင်ရေ ၅၀၀ အောက်ပဲရှိတော့တာ။ သူတို့ကို မုတ္တမကွေ့မှာပဲ အများဆုံး တွေ့တော့တယ်။ ပညာရှင်တွေ သတ်မှတ်တာကတော့ ရေညှောင့်နှုတ်ဝိုင်းရဲ့ ထက်ဝက်ကျော်လောက် ရာခိုင်နှုန်း ၅၀ လောက်က မုတ္တမ ကွေ့မှာလာပြီး ဆောင်းခိုတယ်လို့ သတ်မှတ်ထားတော့ အကောင်ရေ ၂၀၀ ကျော် ၂၅၀ လောက်တော့ ရှိမှာပေါ့။ တကယ်တမ်း Survey လုပ်တဲ့အချိန်မှာတော့ အကောင်ရေ ၁၅၀ ဝန်းကျင်လောက်တော့တွေ့တယ်။ ဒါပေမဲ့ တချို့နေရာတွေက လူသွားလို့ မရတာလည်းပါတယ်” ဟု ဦးသော်ဖြိုးရွှေက ပြောကြားသည်။

ရေညှောင့်နှုတ်ဝိုင်းငှက်များသည် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသတွင် နေထိုင်သော ငှက်များဖြစ်ပြီး နှစ်စဉ်ဆောင်းရာသီတွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများသို့ ဝင်ရောက် ဆောင်းခိုလေ့ရှိရာ မြန်မာနိုင်ငံတွင် စက်တင်ဘာလအကုန် အောက်တိုဘာ ဒုတိယအပတ်မှ ဧပြီလကုန်အထိ ခုနစ်လခန့် နေထိုင်ဆောင်းခိုလေ့ရှိကြောင်း သိရသည်။

မုတ္တမကွေ့သည် ရေညှောင့်နှုတ်ဝိုင်းငှက်များ နေထိုင်ဆောင်းခိုရန်အတွက် အဆင်ပြေဆုံး ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ သူတို့စားဖို့ အစားအစာပေါ့။ ဒီမှာက သဲကဏန်းတွေ ရှိတယ်လေ။ သူတို့က သဲဂဏန်းတွေကို ကြိုက်တယ်။ စားတယ်။ ဒါကြောင့် မုတ္တမကွေ့က သူတို့နေဖို့ အဆင်ပြေဆုံး အကြိုက်ဆုံးပေါ့။ နောက်ပြီး ရာသီဥတုကလည်း ကိုက်ညီတယ်။ နွေးထွေးတယ်လေ” ဟု ဦးသော်ဖြိုးရွှေက ပြောကြားသည်။

လူများ၏ သတ်ဖြတ်စားသောက်မှု၊ ၎င်းတို့၏ နေထိုင်ရာ စားကျက်မြေများ ပျက်စီးဆုံးရှုံးမှုနှင့် မျိုးပွားမှုနှုန်း နည်းပါးခြင်းတို့ကြောင့် ရေညှောင့်နှုတ်ဝိုင်း ငှက်ကောင်ရေများ လျော့နည်းကျဆင်းလာပြီး မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်နေရကြောင်း သိရသည်။

“တစ်ခါဥရင် လေးလုံးပဲဥတယ်။ လေးလုံးမှာမှ နှစ်ကောင်ပဲပေါက်တယ်။ အများဆုံး သုံးကောင်ပေါ့။ နောက်ပြီး သူတို့လာတဲ့ လမ်းကြောင်း တစ်လျှောက်က ငှက်မုဆိုးတွေ ပစ်ခတ်မှုကြောင့်လည်းပါတယ်။ မွန်ပြည်နယ်ဘက်မှာ ဆိုရင်လည်း ချိုးကြော်၊ စနိုက်ကြော်တွေရောင်းတဲ့ မုဆိုးတွေရှိတယ်လေ။ အဲဒီလို ဖမ်းစား၊ ရောင်းစား ကြတာကြောင့် တဖြည်းဖြည်း မျိုးပြုတ်ဖို့ နီးလာတာပေါ့။ နောက်ပြီး လူတွေရဲ့ စက်ရုံအလုပ်ရုံတွေ ချဲ့ထွင်မှုကြောင့် သူတို့ရဲ့စားကျက်တွေ တဖြည်းဖြည်းပျက်စီး ပျောက်ဆုံးကုန်တယ်” ဟု ဦးသော်ဖြိုးရွှေက ဆက်လက်ပြောကြားသည်။

ရေညှောင့်နှုတ်ဝိုင်းငှက်များသည် ရုရှားမှ တောင်ကိုးရီးယား၊ မြောက်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံစသည့် ကမ်းရိုးတန်းနိုင်ငံများကို ဖြတ်ကျော်ပျံသန်းကာ မြန်မာနိုင်ငံတွင် လာရောက်ဆောင်းခိုကြပြီး အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ သွားရောက် ဆောင်းခိုကြသည်ဟု သိရသည်။

ထိုသို့ လာရောက်ဆောင်းခိုရာတွင် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံအထိ မိုင်ပေါင်း ၅၀၀၀ ကျော်၊ ကီလိုမီတာဖြင့် ၈၀၀၀ ခန့် ပျံသန်းလာရပြီး မြန်မာနိုင်ငံအထိ မပျံသန်းနိုင်သော အချို့ရေညှောင့်နှုတ်ဝိုင်းငှက် အကောင်ငယ်များသည် တရုတ်နိုင်ငံ Yellow Sea တွင် ဆောင်းခိုကြကြောင်း သိရသည်။

အအေးပိုင်းဒေသရှိ ငှက်များသည် နှစ်စဉ် စက်တင်ဘာလကုန်ခန့်မှစ၍ မြန်မာနိုင်ငံတွင် ဝင်ရောက်ဆောင်းခိုလေ့ရှိပြီး ထိုဆောင်းခိုငှက်များတွင် မျိုးသုဉ်းလုနီး ရှားပါးငှက်မျိုးစိတ်များ ပါဝင်နေသဖြင့် ဆောင်းခိုငှက်များကို ဘေးမဲ့ပေးရန်နှင့် ပစ်ခတ်ဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်း မပြုလုပ်ရန် သစ်တောဦးစီးဌာနမှ အသိပေး ကြေညာထားသည်။