တစ်နှစ်ကျော်အတွင်း အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၂၁၀၀၀ ကျော် ဖမ်းဆီးအရေးယူ

တစ်နှစ်ကျော်အတွင်း အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၂၁၀၀၀ ကျော် ဖမ်းဆီးအရေးယူ
Published 18 December 2017

ရန်ကုန်-မန္တလေးအမြန်လမ်း၌ တစ်နှစ်ကျော်ကာလအတွင်း သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၂၁၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူထားပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

အဆိုပါ အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးရာတွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ ဖမ်းဆီး အရေးယူထားသော ယာဉ်အစီးရေမှာ ၂၁၆၈၈ အထိ ရှိပြီဖြစ်ကြောင်း သိရပြီး ဆက်လက်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ  စုံစမ်းသိရှိရသည်။

“၂၀၁၆ ခုနှစ် စက်တင်ဘာလကနေ အမြန်လမ်းမှာ သတ်မှတ်အမြန်နှုန်းထက် ပိုပြီးမောင်းတဲ့ ယာဉ်တွေကို ဖမ်းဆီးခဲ့တာပါ။ ၂၀၁၇ ဒီဇင်ဘာ ဒုတိယအပတ်အထိ ဖမ်းဆီး အရေးယူထားသည့် ယာဉ်အစီးရေ နှစ်သောင်းကျော် ရှိပါပြီ။ အမြန်လမ်းမှာ ယာဉ် မတော်တဆဖြစ်တဲ့အထဲမှာ အရှိန်ပြင်းမောင်းနှင်လို့ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်၊ ဒဏ်ရာရ၊ လူသေဆုံးခဲ့ရမှုတွေ အများအပြား ပါဝင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အရှိန်ပြင်းမောင်းနှင်တဲ့ ယာဉ်တွေကို ကြည့်ရှုစစ်ဆေး အရေးယူမှုတွေပြုလုပ် နေတာပါ။ ဆက်လက်ဖမ်းဆီးအရေးယူမှုတွေလည်း ဆက်တိုက်ပြုလုပ်သွားမှာပါ”  ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်များအား ဖမ်းဆီးအရေးယူမှုကို ရဲတာဝန်ရှိသူများက ဆက်တိုက်ဆိုသလို ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီမှ  ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီ အထိ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၂၀၁ နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ် ၂၁ စီးအား လည်းကောင်း၊ လှည်းကူးမြို့နယ်၊ အမှတ် (၃) လမ်းဆုံတိုးဂိတ်တွင် ယာဉ် ၁၅ စီးအားလည်းကောင်း၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ ယာဉ် ၁၅ စီးအားလည်း ကောင်း၊ ဖြူးမြို့နယ် ၁၁၅ မိုင် တိုးဂိတ်တွင် ယာဉ် ၁၆ စီးအားလည်းကောင်း၊  မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုးဂိတ်၌ ယာဉ်ခြောက်စီး အားလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် ပန်းတင်မီနီတိုးဂိတ်၌ ယာဉ်တစ်စီး စုစုပေါင်း ယာဉ် ၇၂ စီးကို ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုတင်ပို့ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် အမြန်လမ်း၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သည့် ယာဉ်များကိုလည်း ဖမ်းဆီး အရေးယူနေပြီး ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သည့်ယာဉ် အစီးရေ ၄၄၆၉ စီးကို ဖမ်းဆီး အရေးယူထားပြီဖြစ်ကြောင်း သိရပြီး ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent