အမြန်လမ်းပေါ်တွင် စက်ချို့ယွင်း၍ တွန်းသွားနေသော ယာဉ်အား နောက်မှလာသောယာဉ်က ဝင်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

အမြန်လမ်းပေါ်တွင် စက်ချို့ယွင်း၍ တွန်းသွားနေသော ယာဉ်အား နောက်မှလာသောယာဉ်က ဝင်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
Published 18 December 2017

ပုံအညွှန်း - အမြန်လမ်း ၃၂၂ မိုင်အနီး လိုက်ထရပ်ယာဉ်နှင့် FIELDER ယာဉ်တို့ယာဉ်တိုက်မှုဖြစ်ပွားနေသည်ကို ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းကတွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၂ မိုင်အနီးတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးမှ စက်ချို့ယွင်း၍ ကွန်ကရစ်လမ်းအစပ်၌ တွန်းသွားနေသော လိုက်ထရပ်ယာဉ်အား နောက်မှ ဝင်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး၍ လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်က ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှမန္တလေးဘက်သို့ ယာဉ်မောင်း တင်ထွန်းနောင် မောင်းနှင်လာသော ယာဉ်အမှတ် 4H/- - - -  FIELDER အနက်ရောင် မော်တော်ယာဉ်မှာ လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၂ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြားသို့အရောက်တွင် အရှိန်မထိန်းနိုင်ပဲ၊ ရှေ့ကွန်ကရစ်လမ်းစပ်၌ စက်ချို့ယွင်း၍ တွန်းနေသော ယာဉ်အမှတ် 8F/- - - - လိုက်ထရပ်အဖြူရောင်မော်တော်ယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိပြီးနောက် FIELDER ယာဉ်မှာ လမ်းမပေါ်တွင်ရပ်တန့်ကာ လိုက်ထရပ်ယာဉ်မှာ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်သန့်ဇင်ဦးပါ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ရောက်စစ်ဆေးခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ်ပါရှိသူ လိုက်ထရပ်ယာဉ်အားတွန်းနေသူ ဒေါ်မိမိခိုင် ၅၀ နှစ်(ဘ)ဦးသိန်းမောင် ကျောက်ဆည်မြို့နေသူမှာ ခြေထောက်ရိုးကျိုး၊ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသည့်အပြင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး နောက်မှဝင်တိုက်သော FIELDER ယာဉ်ပေါ်ပါရှိသူ  ကျား ၂ ဦး၊မ ၂ ဦးတို့မှာ အသီးသီး ထိခိုက်(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်နှင့် FIELDER ယာဉ်တို့မှာ ခေါင်းပိုင်းကိုယ်ထည်တို့တွင်ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးတို့အား အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သည့် FIELDER ယာဉ်မောင်း တင်ထွန်းနောင် အား ဥပဒေအရ အရေးယူပေးရန်ရဲအုပ်သန့်ဇင်ဦးမှ တရားလိုလုပ်တိုင်တန်းခဲ့သောကြောင့် ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၇၊ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent