လူမှုရေးအသင်းပိုင် လူနာတင်ယာဉ်များကို ကွန်ရက်ချိတ်ဆက်ပြီး ဗဟိုကွပ်ကဲသည့် လူနာတင်ယာဉ်စနစ် ထူထောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်မည်ဟုဆို

လူမှုရေးအသင်းပိုင် လူနာတင်ယာဉ်များကို ကွန်ရက်ချိတ်ဆက်ပြီး ဗဟိုကွပ်ကဲသည့် လူနာတင်ယာဉ်စနစ် ထူထောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်မည်ဟုဆို
Published 17 December 2017

ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား လူမှုကူညီရေးအသင်းမှ လူနာတင်ကားပေါ်သို့ သယ်ဆောင်နေစဉ်

လူမှုရေးအသင်းပိုင် လူနာတင်ယာဉ်များကို ကွန်ရက်ချိတ်ဆက်ပြီး ဗဟိုကွပ်ကဲသည့် လူနာတင်ယာဉ်စနစ် ထူထောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင် ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“လူမှုအသင်းပိုင် လူနာတင်ယာဉ်များအနေဖြင့် အဖွဲ့ချင်း ကွန်ရက်ချိတ်ဆက်ခြင်းဖြင့် လုပ်ငန်းအရ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ပညာရပ်များ ဖလှယ်နိုင်ခြင်း၊ နယ်မြေချိတ်ဆက် လှုပ်ရှားခြင်းများကြောင့် လုပ်ငန်းပိုမို ကျယ်ပြန့်လာနိုင်ခြင်း၊ အဆိုပါကွန်ရက်ဖွဲ့စည်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်လူနာတင်စနစ် ထူထောင်ရန် အစီအစဉ်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးရုံ၊ ဆေးခန်းမှ လူနာတင်ယာဉ်များမှာ ၎င်းဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အရေးပေါ်လူနာပို့ဆောင်ပေးရန် လုပ်ဆောင်ပေးလျက်ရှိသည့် အခြားလူနာတင်ယာဉ်များအား စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်ဖုန်းနံပါတ် Hot Line 192 ဖြင့် အရေးပေါ်လူနာတင်ယာဉ်စနစ်ကို စနစ်တကျထူထောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အစီအစဉ်ရှိကြောင်း၊ အဆိုပါစနစ်အောက်တွင် ဝန်ကြီးဌာနပိုင် လူနာတင်ယာဉ်များနှင့်အတူ လူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များ ပူးပေါင်းပါဝင်ရန် စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူနာမှအရေးပေါ် ခေါ်ဆိုသည့်အခါ လွယ်ကူခြင်း၊ လူနာတင်ယာဉ်များအား လူနာပြုစုကုသခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သက်ဆိုင်ရာဆေးရုံသ့ို အကြောင်းကြားခြင်းတို့ကို စီမံခန့်ခွဲနိုင်ခြင်း၊ ၁၉၂ ခေါ်ဆိုခြင်းကြောင့် တယ်လီဖုန်းဘေလ် ကုန်ဆုံးမှု မရှိခြင်း၊ သဘာဝဘေးကြောင့် လူအများအပြား ဒဏ်ရာရရှိမှု ဖြစ်စဉ်များတွင် လူနာတင်ယာဉ်များအား တစ်ပြိုင်နက် ကွပ်ကဲ နိုင်ခြင်းတို့ကို ရရှိနိုင်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

လူမှုရေးအသင်းပိုင် လူနာတင်ယာဉ်များအနက် ယာဉ်မှတ်ပုံတင်မရှိသော လူနာ တင်ယာဉ်များ ကိစ္စသည် လက်ရှိဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း၊ လိုအပ်လျက်ရှိသော အကြောင်းရင်းများသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှုနှင့် ပတ်သက်၍ အရေးယူမှုမခံရခြင်း၊ လူနာကုသမှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နိုင်ခြင်းစသည်တို့ ပါဝင်ကြောင်း၊ ယာဉ်မှတ်ပုံတင် မရှိသော လူ နာတင်ယာဉ်များကို စိစစ်ပြီး တရားဝင်ယာဉ် အဖြစ်ပြောင်းလဲလိုသော လူနာတင်ယာဉ်များသည် အသင်းအဖွဲ့မှတ်ပုံတင်ရှိခြင်း၊  ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသော လူနာတင်ယာဉ် စစ်ဆေးချက်၊ ဆေးကိရိယာ စစ်ဆေးချက်များနှင့် ကိုက်ညီခြင်း၊ တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့ဖူးသော ယာဉ်မဖြစ် ခြင်း၊ လူနာတင်ဆောင်ခြင်းမှအပ မည်သည့်လုပ်ငန်းမှ လုပ်ဆောင်ခွင့်မရှိခြင်း၊ သက်ဆိုင်ရာ သတ်မှတ်ကျသင့်သော အခွန်ငွေပေးဆောင်ခြင်း၊ ထပ်မံဝယ်ယူမည့် ယာဉ်များအား ခွင့်မပြုခြင်း၊ ထပ်မံဝယ်ယူမည့် ယာဉ်များသည် တည်ဆဲမော်တော်ယာဉ်ဥပဒေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထပ်ဆင့်ရောင်းဝယ်ခြင်းတို့ကိုခွင့်ပြုခြင်းများကို အချိန်ကာလ အပိုင်းအခြားသတ်မှတ်ပြီး မှတ်ပုံတင်ပြုလုပ်ရန်အတွက် စိစစ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ် ကာလကျော်လွန်သည့် လိုင်စင်မဲ့ယာဉ်များကို အရေးယူ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းပါဝင်မှုသည် ဗဟိုကွပ်ကဲသည့် လူနာတင်ယာဉ်စနစ် ထူထောင်ရေးတွင် အလွန်အရေးပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။