မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ် ၂၂ မျိုးကျော် ရှိလာကြောင်း သိရ

မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ် ၂၂ မျိုးကျော် ရှိလာကြောင်း သိရ
Published 17 December 2017

မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည့် တောရိုင်းတိရစ္ဆာန် အမျိုးအစား၂၂ မျိုး အထိရှိလာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သော နိုင်ငံတကာအဖွဲ့အစည်း (IUCN) ၏ အချက်အလက်များအရ သိရသည်။

အဆိုပါစာရင်းတွင် ပါဝင်သည့်တိရစ္ဆာန် ၂၂ မျိုးကျော်သည် မြန်မာနိုင်ငံတွင်မျိုးသုဉ်းလုနီးပါး စာရင်းဝင်ဖြစ်နေကြောင်း၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် နောက်ဆုံးခံတပ်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်ရသည့် အကြောင်းအရင်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများကြောင့်လည်းကောင်း၊ တောရိုင်းတိရစ္ဆာန်များအနေဖြင့် သဘာ၀ တော၊ တောင်၊ ရေ၊ မြေများကို မှီခို ရှင်သန် ကျက်စားနေရခြင်းကြောင့် သဘာဝကြီးပြောင်းလဲလာပါက တောရိုင်းတိရစ္ဆာန်များလည်း လျော့ပါးလာပြီး မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်လာရကြောင်း သိရသည်။

မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည့် အနေအထားမှ လျော့နည်းစေရန်အတွက် တိရစ္ဆာန်ဥယျာဉ်များ၌ မျိုးပွားမှုဖြင့် တိရစ္ဆာန်ကောင်ရေ တိုးပွားစေခြင်း၊ တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်သည့် ပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ အချို့ရှားပါးတိရစ္ဆာန်များကို သဘာဝတောအတွင်း ပြန်လွှတ်ပေးနိုင်ရန် တိရစ္ဆာန်ဥယျာဉ်များတွင် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ထားလျက်ရှိကြောင်း သိရသည်။

မျိုးသုဉ်းလုနီးပါး အခြေအနေတွင်ရှိသည့် တိရစ္ဆာန်များတွင် ဝက်ကြံ့၊ ကြံ့ဆင်၊ နှာခေါင်းလန်မျောက် စသည်တို့ဖြစ်ပြီး မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည့် တိရစ္ဆာန်များမှာ ကြံ့သူတော်၊ စိုင်၊ ကျွဲ၊ ကျား၊ ဆင်၊ တောခွေး၊ ကြောင်တံငါ၊ ကတိုးဂျီ၊ ရွှေ သမင်၊ ဒရယ်၊ ပသျှူးသင်းခွေချပ်၊ တရုတ်သင်း  ခွေချပ်၊ မျောက်လွှဲကျော် (လက်ဖြူ)၊ မျောက်မျက်ကွင်းဖြူ၊ မျောက်လွှဲကျော် (မျက်ခုံးဖြူ)၊ Indochinese Lutung Shortridge's Langur၊ ဖျံ၊ Greater Marmoset Rat စသည်တို့ဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်တွင် ပြသထားသည့်တိရစ္ဆာန်မျိုးစိတ် ကိုးမျိုးခန့်အထိ ပါဝင်နေကြောင်း IUCN တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

တောရိုင်းတိစ္ဆာန် ပေါများနေဆဲဖြစ်ခြင်းကြောင့် လည်းကောင်း မြန်မာအပါအဝင် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ နယ်စပ်များ ထိစပ်နေသည့် ရွှေတြိဂံဒေသကဲ့သို့သော နယ်မြေတည်ရှိနေခြင်းကြောင့် မှောင်ခိုပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရောင်းဝယ် ဖောက်ကားလျက်ရှိရာ မြန်မာနိုင်ငံသည် တရားမဝင် ကုန်သွယ်မှုဒဏ်ကို ထိခိုက်ခံစား နေရကြောင်း နိုဝင်ဘာ ၁ ရက်က တောရိုင်း တိစ္ဆာန် သတ်ဖြတ်ခံနေရမှုများနှင့် ပတ်သက်၍ VOICES FOR MOMOS လှုပ်ရှားမှု စတင်မည့် အခမ်းအနားမှ သိရသည်။

Most Read

Most Recent