လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ကြေးစင်တောင်နှင့် စပယ်တောင်ကြေးနီစီမံကိန်းတို့သည် ဥပဒေနှင့်အညီ သတ္တုတူးဖော်ခြင်း မဟုတ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ကြေးစင်တောင်နှင့် စပယ်တောင်ကြေးနီစီမံကိန်းတို့သည် ဥပဒေနှင့်အညီ သတ္တုတူးဖော်ခြင်း မဟုတ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 17 December 2017

ကြေးစင်တောင်နှင့် စံပယ်တောင်ကြေးနီစီမံကိန်းအနီးမှ လယ်ယာမြေများအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး  ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ကြေးစင်တောင်နှင့် စပယ်တောင်ကြေးနီ စီမံကိန်းတို့သည် ဥပဒေနှင့်အညီ သတ္တုတူးဖော်ခြင်း မဟုတ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

သတ္တုတူးဖော်သည့် နည်းလမ်းသည် မှန်ကန်သည့် နည်းလမ်းမဟုတ်ကြောင်း မှားယွင်းသည့် နည်းစနစ်ဖြင့်သာ စာချုပ်ချုပ်ခဲ့ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ကြေးစင်တောင်နှင့် စပယ်တောင် ကြေးနီစီမံကိန်းတို့သည် ယခင်ခေတ်ကာလက ဖြစ်ချင်ရာဖြစ် လက်ညှိုးညွှန်ရာ ရေဖြစ်ပုံစံသာဖြစ်ပြီး ဥပဒေနှင့်မညီမှုမှာ အများအပြားရှိကြောင်း ၎င်းက ဆိုသည်။

“ဒီပြဿနာတွေနဲ့ပတ်သက်ပြီး လက်ပံတောင်းတောင် ဒေသခံတွေက ကျွန်တော်တို့ကို အပြစ်ပုံချတယ်။ တူးဖော်ပုံတူးဖော်နည်းကလည်း မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး။ အရင်တုန်းက လူတွေ လုပ်ကိုင်ခဲ့တယ်။ ခွင့်ပြုခဲ့တယ်ဆိုတာ စံချိန်မီတဲ့၊ စနစ်တကျတဲ့ ဒီဇိုင်းတွေ မဟုတ်ဘူး။ မှားယွင်းတဲ့ နည်းစနစ်နဲ့ စာချုပ်ချုပ်ခဲ့ကြတယ်။ ဖြစ်ချင်ရာတွေ ဖြစ်နေတာ။ ဥပဒေနဲ့ မညီညွတ်တာတွေ အများကြီးရှိတယ်။ စပယ်တောင်ကလည်း ဥပဒေနဲ့မညီညွတ်ဘူး။ ကုမ္ပဏီဘက်ကလည်း ဘောင်ဝင် တယ်လို့ ပြောမှာပဲ။ သေချာစစ်ဖို့တော့ လိုပါတယ်။ အခုနည်းတွေဟာ သံသယဖြစ်စရာတွေ အများကြီးရှိတယ်” ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က ပြောကြားသည်။

သတ္တုတူးဖော်သည့်နေရာသည် လူနှင့်ဝေးသည့်နေရာများတွင်သာ တူးဖော်သင့်ကြောင်း၊ လူနှင့်အလွန်နီးသည့်နေရာတွင် သတ္တုတူးဖော်မှုအား မလုပ်သင့်ကြောင်း၊ မဖြစ်မနေ သတ္တုတူးဖော်မည်ဆိုပါက လူနှင့် စိုက်ပျိုးမြေများအတွက် မဆုံးရှုံးအောင် လုပ်ဆောင်သင့်ကြောင်း၊ ယခုဆိုလျှင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း မိုင်းခွဲမှုမှလာသည့် ဖုန်မှုန့်များသည် လယ်ယာမြေများaပါ်တွင် ကျရောက်မှုကြောင့် စိုက်ပျိုးလုပ်ကိုင်၍ မရတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကွမ်းရွက်စိုက်ခင်းတွေပေါ်မှာ ကျောက်အမှုန့်တွေ ကျရောက်တဲ့အတွက် ရောင်းလို့ မရဘူးလို့ ပြောတယ်။ လျော်ကြေးတွေ၊ ဘာတွေ လိုချင်တာပေါ့။ ကျွန်တော်တို့ကလည်း ပေးဖို့ပြောတယ်။ ပြောတဲ့အခါမှာ ကုမ္ပဏီအနေနဲ့က သူတို့က စံနှုန်းအရ အမှုန့်မဟုတ်ဘူးလို့ပြောတယ်။ တကယ့်တကယ်ကျတော့ ဖြေရှင်းရတာ ခက်တယ်။ နစ်နာကြေးတွေ ပေးသင့်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါစာထဲတွင် စံပယ်တောင်နှင့် ကြေးစင်တောင်ကြေးနီစီမံကိန်းမှ ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေ ၆၂၅၃ ဒသမ ၀၄ ဧကအား ကြေးနီထုတ်လုပ်ရန်အတွက် သိမ်းဆည်း ရယူခဲ့ကြောင်း ၂၀၀၁ ခုနှစ် လန ၃၉ အရ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းမှ ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေ ၇၈၆၇ ဒသမ ၇၈ ဧက အား ကြေးနီထုတ်လုပ်ရန်အတွက် ရယူခဲ့ကြောင်း လက်ပံတောင်းတောင်ကြေးနီးစီမံ ကိန်းအတွင်းရှိ မြေယာအချို့သည် မြေယာလျော်ကြေး ထုတ်ယူခြင်း မရှိသေးသည့် တောင်သူအများအပြား ကျန်ရှိနေကြောင်း သိရသည်။

Most Read

Most Recent