w ကမ္ဘာ့ရွှေဈေး ၁၂၅၅ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၅၇၀၀ အထိ ပြန်လည်မြင့်တက် - Eleven Media Group <

ကမ္ဘာ့ရွှေဈေး ၁၂၅၅ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၅၇၀၀ အထိ ပြန်လည်မြင့်တက်

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရောင်းဝယ်နေမှုမြင်ကွင်း

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၅ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၅၇၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ုပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစ၍ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ ရက်နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်၌သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၉၁၃၂၀၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ၉၁၄၅၀၀၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကျပ် ၉၁၅၇၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက စက်တင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၂၅၀၀ (စက်တင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်းကျပ် ၉၅၇၃၀၀ (စက်တင်ဘာ ၁၅ ရက်)၊ အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂၇၀၀ (အောက်တိုဘာ ၁၅ ရက်)၊ နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကိုပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇူလိုင်တွင် ၁၂၀၅- ၁၂၆၈ ဒေါ်လာ၊ သြဂုတ်တွင် ၁၂၅၈-၁၃၂၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၂၉၀- ၁၃၅၆ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၂၆၁- ၁၃၀၃ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ကျော်မှ ၆၀ ကျော်အထိရှိခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာ တတိယပတ်တွင် ဒေါ်လာ ၁၃၀၀ အထက်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် အောက်တိုဘာလကုန်ပိုင်းတွင် ဒေါ်လာ ၁၂၆၀ အထက်နှင့် ၁၂၇၀ အထက်တွင် အတက်အကျဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၃ ရက်တွင် ၁၂၆၆ ဒေါ်လာအထိကျဆင်းခဲ့ပြီး အမြင့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် ၁၂၉၆ ဒေါ်လာအထိမြင့်တက်ခဲ့သည်။ နိုဝင်ဘာလအတွင်း ဈေးနှုန်းများသည် ယခင်လများနှင့်နှိုင်းယှဉ်ပါက အတက်အကျနည်းခဲ့ရာ ဒေါ်လာ ၃၀ သာဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ရောက်နေပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၅ ဒေါ်လာအထိ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၂၃၈ အထိကျဆင်းခဲ့ကာ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၅ ဒေါ်လာအထိ ပြန်တက်ခဲ့ခြင်းဖြစ်သည်။

December 16, 2017














Copy Protected by Chetan's WP-Copyprotect.