နေပြည်တော် သပြေကုန်းအဝိုင်းတွင်ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုအား ကြေးခုနစ်တန်ခန့် အသုံးပြုမည်ဖြစ်ပြီး ခန့်မှန်း ကျပ်သိန်း ၂၀၀၀ ခန့် ကုန်ကျမည်ဟု သိရ

နေပြည်တော် သပြေကုန်းအဝိုင်းတွင်ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုအား ကြေးခုနစ်တန်ခန့် အသုံးပြုမည်ဖြစ်ပြီး ခန့်မှန်း ကျပ်သိန်း ၂၀၀၀ ခန့် ကုန်ကျမည်ဟု သိရ
Published 17 December 2017

နေပြည်တော်သပြေကုန်းအဝိုင်းတွင် ထားရှိမည့် ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တုအား ကြေးခုနစ်တန်ခန့် အသုံးပြုမည်ဖြစ်ပြီး ခန့်မှန်း ကျပ်သိန်း ၂၀၀၀ ခန့် ကုန်ကျမည်ဟု နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူက ပြောကြားသည်။

ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးအတွက်  နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ဝင်းအတွင်းတွင် ဒီဇင်ဘာ ၁၆ ရက်က ကြေးသွန်းပန်းပု ထုလုပ်မည့်ပညာရှင်နှင့် ကော်မတီတို့ ဆွေးနွေးစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးမင်းသူက “ဗိုလ်ချပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူက ကုန်ကျစရိတ်ကတော့ ကြေးကတော့ တန်ချိန် ခုနစ်တန်ကျော်လောက်ကုန်မယ် မှန်းထားတယ်။ပြင်ပပေါက်ဈေးနဲ့တွက်ရင်တော့ သိန်း ၂၀၀၀ လောက်ရှိမယ်။အဲဒါကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနကနေ ဝယ်လို့ရတယ်ဆိုရင်တော့ ဈေးသက်သာမှာပေါ့။ ဒါကြောင့် ကုန်ကျစရိတ်က သိန်း ၂၀၀၀ လောက်ရှိမယ်။၂၀၁၈ ခုနှစ်ထဲမှာဖြစ်မှာပဲ။ ကောင်းကောင်းလုပ်ဖို့အတွက် အချိန်နဲ့ ငွေကြေးကိုတော့ ကန့်သတ်မထားပါဘူး။ ရန်ပုံငွေကတော့ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ဆောင်ရွက်သွားမှာပါ။ ပြည်သူ့အားနဲ့လုပ်သွားမှာပါ။ ပြည်သူတွေကလည်း ဒီနေရာမှာ ဗိုလ်ချုပ်ကြေးရုပ်ကိုထားချင်ကြတယ်။ ပြည်သူတွေ တစ်ယောက် ကျပ်တစ်သောင်းထည့်ရင်တောင် လူဦးရေနှစ်သောင်းလောက်ဆိုပြည့်ပြီပေါ့။ လုပ်ငန်းရှင်တွေက လှူမယ်ဆို မြန်မြန်ပြီးတာပေါ့။ ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေကို လက်ခံသွားမှာပါ။အစိုးရဆီကတော့ တောင်းခံထားခြင်း မရှိပါဘူး။ပြည်သူ့အားနဲ့ပဲ လုပ်သွားမှာပါ။ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှာကတော့ ဗိုလ်ချုပ်မျက်နှာကတော့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘက်ကလာတဲ့ လမ်းကို မျက်နှာမူမှာပါ။ မြင်းကတော့ ပျဉ်းမနားတောင်ညိုလမ်းကို မျက်နှာမူမှာပါ။ အခု စလုပ်ပြီပြောရမှာပေါ့။ ပညာရှင်တွေက ဒီဇိုင်းစွဲတာ၊ ပုံကြမ်းလောင်းတာစတင်ပြီ ပြောလို့ရပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

ကြေးသွန်းပန်းပုပညာရှင် ဒေါက်တာမြင့်စံက “အခုကတော့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ဖို့ ညှိနှိုင်းကြတဲ့သဘောဖြစ်ပါတယ်။ မြေပြင်တိုင်းတာမှုလုပ်ငန်း ပြီးဆုံးပါပြီ။ရုပ်တုအရွယ်အစား၊ အောက်ခုံရဲ့ အရွယ်အစား သတ်မှတ်ချက်တွေရွေးပြီးပါပြီ။ ခုံကတော့ ၁၅ ပေပေါ့။ ရုပ်တုကတော့ ၁၈ ပေသတ်မှတ် ထားပါတယ်။ အဲဒီအတိုင်းအတည်ပြုထားပါတယ်။မကြာခင်မှာတော့ ပုံစံငယ်ထုလုပ်သွားမှာပါ။ ပုံစံငယ်ပြီးတော့မှ ပုံစံအကြီးဆက်လုပ်မှာပါ။ ပြီးရင် ကြေးသွန်းလုပ်ငန်းကို ဆက်လုပ်သွားမှာပါ။ အကောင်းဆုံးဖြစ်အောင် ထုလုပ်ရမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်မှာပါ။ဘာလို့လဲဆိုတော့ ဒီဟာက နိုင်ငံတော်မှာ အကြီးဆုံးရုပ်တုလည်းဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ဖြစ်အောင် လုပ်သွားမှာပါ။ ဒီနေရာက  နိုင်ငံတကာဧည့်သည်တွေလည်း သွားလာနေတဲ့နေရာဆိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ။ အရပ်သားတွေ၊ ဝန်ထမ်းတွေ နေ့စဉ်သွားလာနေတဲ့နေရာဆိုတော့ အကောင်းဆုံးဖြစ်မှရမှာပါ။ တခြားရုပ်တုနဲ့ မတူပါဘူး။နေရာကောင်းတစ်ခုမှာ တည်ထားမှာဖြစ်တဲ့အတွက် အပြစ်အနာအဆာ မရှိအောင် လုပ်ရမှာပါ။ လက်ရှိမှာ ရှိနေတဲ့ကြေးရုပ်တုတွေက ၁၅ ပေပဲရှိပါတယ်။ အခုက ၁၈ ပေထုလုပ်မှာပါ။ မြင်းစီးကြေးရုပ်ကတော့ ထုလုပ်ခဲ့ဖူးပါတယ်။ အကြီးဆုံးကြေးရုပ်တုဆိုပေမယ့် စိန်ခေါ်မှု မရှိပါဘူး။ စိုးရိမ်စိတ် မရှိပါဘူး။ ကုန်ကျစရိတ်ကတော့ ကျပ်သိန်း ၁၅၀၀ ကျော်လောက် ကုန်မယ်မှန်းပါတယ်။ ပစ္စည်းသုံးတဲ့အပေါ်မူတည်ပြီး ကုန်ကျမှာပါ။ ဥပမာပြောရရင် ကြေးအထူအပါး၊ အထဲမှာသုံးမယ့် သံပစ္စည်း၊ အဲဒါတွေအပေါ် မူတည်ပြီး ကုန် ကျစရိတ်ကဖြစ်လာမှာပါ။ အကောင်းဆုံးပစ္စည်းကိုသုံးဖို့ ရည်ရွယ်ထားပါတယ်။ တစ်စတုရန်းပေကို ကြေးခုနစ်ပိဿာလောက်သုံးမှာပါ။ ကြေးကတော့ ခုနစ်တန်လောက် ကုန်ကျမယ် မှန်းထားပါတယ်” ဟု ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုအား နေပြည်တော်၏ အချက်အချာနေရာဖြစ်သည့် သပြေကုန်းအဝိုင်းတွင် ထားရှိမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောင်တိုဘာလတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent