လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁၅ ခုမှ ဒေါ်လာ ၆၈၆ သန်းကျော် ခွင့်ပြုထား

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁၅ ခုမှ ဒေါ်လာ ၆၈၆ သန်းကျော် ခွင့်ပြုထား
Published 17 December 2017

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြော်သော နိုင်ငံခြားသားခရီးသွားများအား ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၁၅ ခုမှ အမေရိကန်ဒေါ်လာ ၆၈၆ ဒသမ ၃၈၄ သန်း ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း အနေဖြင့် ၉ ဒသမ ၅၂ အထိရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသား ကဏ္ဍအလိုက်ရင်း နှီးမြှုပ်နှံမှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စီမံကိန်း ၇၇၄ ခုမှ ဒေါ်လာ ၂၄၉၆ သန်း ကျော်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်  စီမံကိန်း ၄၆ ခုမှ ဒေါ်လာ ၂၁၅၇ သန်းကျော်၊ Real Estate Development ကဏ္ဍတွင် စီမံကိန်း ၆၇ ခုမှ ဒေါ်လာ ၁၁၉၇ သန်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် စီမံကိန်း ၆၈ ခုမှ ဒေါ်လာ ၄၉၁ သန်းကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အဆင့်(၄)နေရာတွင် ဆက်လက်ရပ်တည်လျက်ရှိပြီး ရာခိုင်နှုန်းအနေဖြင့်ကြည့်ပါက ၉ ဒသမ  ၅၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ထို့ပြင် လာမည့်ငါးနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်းမှရရှိငွေ ဒေါ်လာ ကိုးဘီလျံကျော် ရရှိမည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ) တွင် ဖော်ပြထားပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အများအပြား ရရှိနိုင်ခြင်း၊ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ခရီးသွားလုပ်ငန်းကို ဦးစားပေးကဏ္ဍအဖြစ် ထည့်သွင်းထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဇွန် ၇ ရက်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများကို စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ထိ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၇၁ ခုမှ အမေရိကန် ဒေါ်လာ ၃၀၀၄ ဒသမ ၄၄၈ သန်း လုပ်ကိုင် ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် ခွင့်ပြုပြီး လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုမှာ အဆင့် (၆)နေရာတွင်ရှိပြီး ရာခိုင်နှုန်းအနေဖြင့် ကြည့်ပါက ၄ ဒသမ ၀၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံခြားသား ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှု အနေဖြင့် Oil and Gas ကဏ္ဍတွင် စီမံကိန်း ၁၅၄ ခုမှ ဒေါ်လာ ၂၂၄၁၀ သန်းကျော်၊ စွမ်းအင်ကဏ္ဍတွင် စီမံကိန်း ၁၅ ခုမှ ဒေါ်လာ ၂၀၇၁၅ သန်းကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စီမံကိန်း ၈၃၂ ခုမှ ဒေါ်လာ ၉၂၉၅ သန်းကျော်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စီမံကိန်း ၅၄ ခုမှ ဒေါ်လာ ၈၇၈၆  သန်းကျော်၊ Real Estate Development ကဏ္ဍတွင်  စီမံကိန်း ၄၈ ခုမှ ဒေါ်လာ ၄၈၁၆ သန်းကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် နိုင်ငံခြားသား သီးသန့်ရင်းနှီး မြှုပ်နှံမှုများသာမက နိုင်ငံခြားသားနှင့်နိုင်ငံသား ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများပါ တိုးလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ သိရသည်။

နိုင်ငံသားနှင့်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များအတွက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို စတင်ကျင့် သုံးနေပြီဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို ယခင် ဥပဒေအဟောင်းများဖြင့် ဒီဇင်ဘာလကုန်ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို အဆိုပါ ဥပဒေနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြရမည်ဖြစ်ကြောင်း သိရသည်။