ဒိုက်ဦးဒေသတွင် ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိနေသော်လည်း တရုတ်နယ်စပ် (မူဆယ်)၌ ဈေးကောင်းမရခြင်းကြောင့် ဖရဲစိုက်တောင်သူများ အခက်တွေ့

ဒိုက်ဦးဒေသတွင် ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိနေသော်လည်း တရုတ်နယ်စပ် (မူဆယ်)၌ ဈေးကောင်းမရခြင်းကြောင့် ဖရဲစိုက်တောင်သူများ အခက်တွေ့
Published 17 December 2017

ဒိုက်ဦးမြို့နယ်မှ ဖရဲသီးပွဲရုံတစ်ရုံအား ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် ဖရဲများ ဒီဇင်ဘာလ အစောပိုင်းမှစတင်၍ လှိုင်လှိုင်ထွက်ရှိနေပြီ ဖြစ်သော်လည်း တရုတ်နယ်စပ် (မူဆယ်) တွင် ဈေးကောင်းမရခြင်းကြောင့်၊ ဖရဲစိုက်တောင်သူများအတွက် တွက် ခြေကိုက်မှုနည်းပါးပြီး ဆွတ်ခူးရောင်းချရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒိုက်ဦးမြို့နယ် ဖရဲစိုက်တောင်သူများထံက သိရသည်။

“ဒီနှစ်ဈေးနှုန်းနဲ့ကျတော့ လယ်သမားတွေက အရင်းအနှီးရဖို့တောင် အသည်းအသန်၊ သူတို့ ချန်သီးကိုပဲ ဈေးပေးဝယ်နေရတယ်။ ဒီဘက်က တက်သွားတဲ့ ဖရဲသီးကို ဈေးနှိမ်ဝယ်လို့၊ ဈေးကွက်က မရတော့ လယ်သမားတွေလည်း တော်တော်အခက်အခဲတွေဖြစ်တယ်။ လယ်သမားတွေကလည်း ကိုယ့်အရင်းအနှီးရဖို့ ဆိုတာကလည်း မလွယ်လှဘူး။ တစ်ဧကဆိုရင် ၁၀ သိန်း၊ ၁၂ သိန်း လောက် ရင်းရတယ်။ ကျွန်တော်တို့ဆိုလည်း ဒီမှာ ကိုယ့်လယ်သမားတွေ အဆင်ပြေအောင် အကုန်လုံး ပေးထားရတာ။ အမျိုးမျိုးအဖုံဖုံ လုပ်နေရတာပေါ့။ ဟိုအပေါ် တက်မရတော့ ဒီမှာပဲလုပ်ရ၊ ဟိုအပေါ်တက်သွားတော့လည်း ဒီက လမ်းစရိတ် ထောက်ပေးရတာနဲ့ သူတို့ဆီက အသီးကျတော့ ဈေးရ၊ ကိုယ့်ဆီက အသီးကျတော့ ဈေးမရ သူတို့ အဲဒီလိုတွေဖြစ်တယ်” ဟု ဒိုက်ဦးမြို့နယ်မှ ဖရဲပွဲရုံလုပ်ငန်းရှင် ဦးမြင့်ဌေးက ပြောကြားသည်။

ဒိုက်ဦးဒေသမှ ဖရဲသီးများမှာ နိုဝင်ဘာလအတွင်း ဖရဲသီးပေါ်ခါစတွင် တစ်ကီလိုလျှင် တရုတ်ငွေ ၁၈ ယွမ်၊ မြန်မာငွေ ကျပ် ၃၅၀၀ ဝန်းကျင်ခန့်ရှိပြီး ရက်အနည်းခန့်အထိ ဈေးနှုန်းအနည်းငယ် ထပ်မံမြင့်တက် လာသော်လည်း ယခု ဒီဇင်ဘာ လလယ်ခန့် ဖရဲသီးများ လှိုင်လှိုင်ပေါ်ချိန်တွင် ပေါ်ခါစ ဈေးအတိုင်း တရုတ်ငွေ ၁၂ ယွမ်၊ မြန်မာ ကျပ် ၂၅၀၀ ဝန်းကျင်ခန့်သာ ရှိနေသောကြောင့် ဖရဲသီးများ ဆွတ်ခူးရောင်းချရန် အခက်အခဲများ ကြုံတွေ့ နေရခြင်းဖြစ်ကြောင်း သိရသည်။

“ဖရဲဈေးက မနှစ်ကဈေးကို မမီရင်တောင်မှ တစ်ဝက်လောက်အထိအောင် ဖြစ်စေချင်တာပေါ့။ အခု ဒီဈေးနဲ့ ခူးလို့ရှိရင် ကျွန်တော်တို့ လုပ်အားခတောင် ပြန်မရဘူး။ အကုန်ရှုံးမှာ၊ ဒီအောက်မှာ ရောင်းမယ်ဆိုပြန်တော့လည်း မကိုက်ဘူး။ ဖရဲသီးတစ်လုံး ကျပ် ၂၀၀၀၊ ၃၀၀၀ ကို အောက်က လက်လုပ်လက်စားသမားလည်း မဝယ်စားနိုင်ဘူး။ အပေါ်တင်ရတဲ့ ဈေးကွက်ကလည်း မမီတော့ ခူးရမယ့် ဖရဲသီးတွေက မခူးရဘူး” ဟု သောင်လယ်ရွာမှ ဖရဲစိုက်တောင်သူ ကိုစိုးတင့်က ပြောကြားသည်။

“မနှစ်ကတော့ ၁၀ လပိုင်း လောက်ကတည်းက ၂၀၊ အစိတ်လောက် (တရုတ်ငွေ)နဲ့ စဖွင့်တယ်။ အဲဒီကနေပြီးတော့ ကျတယ်ဆိုတာ မရှိဘူး။ ၅၅၊ ၆၀ အထိဖြစ်တယ်။ ဒီနှစ်ကျတော့ အခုစဖွင့်ကတည်းက ၁၈၊ ၂၀၊ ၃၀ လောက်အထိ ဖြစ်ပြီးတော့ တဖြည်းဖြည်းနဲ့ အသီးတွေ လှိုင်လှိုင်လည်းပေါ်လာရော၊ ဈေးက ပြုတ်ကျသွားရော၊ မိုးကလည်းရွာတယ်။ မိုးနှောက်တာကလည်း တစ်မျိုး၊ ဈေးထပ်ကျတာကလည်း တစ်မျိုး၊ လယ်သမားတွေ လုပ်ရကိုင်ရတာတော့ ကုန်ကျငွေများတာပေါ့။ ဆေးတို့ မြေသြဇာတို့ကအစ အကုန်လုံးဈေးတက်တယ်။ ဈေးကြီးတယ်။ တချို့ကျတော့ အရင်တုန်းက အကြွေးထုတ်ပေးနေတဲ့ ကုမ္ပဏီ တွေ၊ ဆေးဆိုင်တွေကျတော့ အခုကျတော့ တစ်ဝက်ချေတို့ ဘယ်လောက်သွင်းပါတို့ အဲဒါတွေက ရှိသေးတယ်။ ဈေးကွက်သိပ်မကောင်းတော့လေ၊ ဈေးကွက်ကောင်းရင်တော့ အရင်တုန်းကတော့ ကြိုက်သလိုယူပေါ့။ အခုဒီ နောက်ပိုင်းတွေမှာကျတော့ အဲဒီလိုတွေ အခက်အခဲတွေ ရှိလာတာပေါ့။ အခြေမခိုင်တဲ့ လယ်သမားတွေကျတော့ ယူတာတို့၊ ထုတ်တာတို့ ယူလို့မရတော့ဘူး။ လက်ငင်းကျတော့လည်း မဝယ်နိုင်ဘူး။ အရင်းအနှီးများတော့လေ၊ အလုပ်သမားကအစ ခေါ်ရတာ နည်းနည်းခက်တာပေါ့” ဟု ဒိုက်ဦးမြို့မှ ဖရဲစိုက်တောင် သူ ကိုကျော်နိုင်က ပြောကြားသည်။

ဒိုက်ဦးဒေသတွင် ၈၅၅ ဖရဲမျိုးများအား အများဆုံးစိုက်ပျိုးကြပြီး တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ မျိုးဖိုး၊ ထွန်ယက်ခ၊ ဘောင်ဆွဲခ၊ မြေသြဇာနှင့် ဆေးဖိုး၊ ဆွတ်ခူးရိတ်သိမ်းချိန်အထိ စုစုပေါင်း ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်း ကျင်အထိ ကုန်ကျကြောင်း၊ ဖရဲတစ်ဧကမှ ဖရဲသီး အလုံး ၁၀၀၀ မှ ၁၅၀၀ အထိ ဆွတ်ခူးရကြောင်း၊ လတ်တလော ဖရဲတစ်ကီလိုလျှင် တရုတ်ငွေ ၁၂ ယွမ်ဝန်းကျင်ခန့်၊ မြန်မာငွေ ကျပ် ၂၅၀၀ ဝန်းကျင်ခန့်သာ ရရှိနေသောကြောင့် ဈေးနှုန်းကောင်းမွန်ခြင်းမရှိကြောင်း၊ ယခုနှစ်တွင် တောင်သူအများစုမှာ မတ်ပဲစိုက် ပျိုးမှုလျှော့ချ၍ဖရဲစိုက်ပျိုးမှု ပိုမိုများပြားလာခဲ့ပြီး ဖရဲများလှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှု မရှိခြင်းကြောင့် ဒေသတွင်း၌ ရောင်းချရန်လည်း အဆင်မပြေ၊ တရုတ်နယ်စပ် (မူဆယ်) သို့ တင်ပို့ရောင်းချရန်လည်း အဆင်မပြေ၊ စသည့် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent