တပ်မတော်က ကေအိုင်အေ၏ စီးပွားရေးနေရာများကို ထိခိုက်အောင် တိုက်ခိုက်မှုဖြစ်နေကြောင်း ကေအိုင်အို ပြောကြား

တပ်မတော်က ကေအိုင်အေ၏ စီးပွားရေးနေရာများကို ထိခိုက်အောင် တိုက်ခိုက်မှုဖြစ်နေကြောင်း ကေအိုင်အို ပြောကြား
Published 16 December 2017

တပ်မတော်က ကေအိုင်အေ၏ စီးပွားရေးနေရာများကို ထိခိုက်အောင် တိုက်ခိုက်မှုဖြစ်နေကြောင်း ကေအိုင်အိုဗဟို၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ယခုတစ်ပတ်အတွင်း ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တွင် ပစ်ခတ်မှုရှိခဲ့ရာမှ ဒီဇင်ဘာ ၁၄ ရက် နံနက်အစောပိုင်းတွင် လေးနေရာထက်မနည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် လေယာဉ်များဖြင့် ပစ်ခတ်သည်အထိ ရှိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားချက်အရ သိရသည်။

ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “ဒီနေ့တော့ လိုင်ဇာနားက စစ်ရှောင်စခန်းနားကို လက်နက်ကြီးပစ်တာ ရှိတယ်။ တခြားနေရာတွေမှာ မကြားမိဘူး။ မနေ့က တနိုင်းဘက် တပ်မဟာ (၂) အောက်ကရင်း ၁၄ ရယ်၊ လိုင်ဇာတစ်ဝိုက်က ခြေမြန်တပ်ရင်းဘက်ပေါ့။ နောက်ပြီး မံစီနဲ့ ရှမ်းမြောက် ဆက်သွယ်ထားတဲ့ လမ်းကြောင်းမှာပါ။ အဲဒီနေရာကိုတော့ လေယာဉ်နှစ်ခေါက် လာပစ်တာလို့ သိရတယ်။ အခုဖြစ်တဲ့ နေရာတွေကို မနက် ၂ နာရီမှာ တစ်ပြိုင်နက်ဖြစ်တာ။ အခုဖြစ်နေတဲ့ တနိုင်းတို့၊ ရှမ်းမြောက်ဘက်တို့မှာ ဖြစ်တာကတော့ ကေအိုင်အေရဲ့ စီးပွားရေးနေရာတွေကို ထိခိုက်အောင်လုပ်တဲ့ သဘောပါ။ NCA ကိုလည်း ထိုးဖြစ်အောင် သွယ်ဝိုက်ပြီး ဖိအားပေးတဲ့သဘောလို့ ယူဆတယ်။ ဒီအကြောင်းခံတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမှသာ အောင်မြင်မှာ ဖြစ်ပါတယ်”ဟု ဒီဇင်ဘာ ၁၅ ရက်က ပြောကြားသည်။

ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားချက်နှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိသော်လည်း စစ်ဆင်ရေးဌာန အရာရှိတစ်ဦးကမူ ယနေ့အချိန်တွင် အားလုံးပုံမှန်သာ ရှိနေကြောင်း ဒီဇင်ဘာ ၁၅ ရက်က ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂီဒွန် ကေအိုင်အေစခန်း ဝန်းကျင်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဂီဒွန်စခန်းအား လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် လိုင်ဖောင်စခန်းအား လည်းကောင်း သိမ်းပိုက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းအထိ တိုက်ခိုက်မှုများရှိနေကာ နှစ်ဖက်ကျဆုံးမှု များပြားခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်များ၊ ကေအိုင်အေဘက်မှ ပြောကြားချက်များအရ သိရသည်။

ဂီဒွန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တိုက်ပွဲများ မရှိသလောက်ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် တပ်မတော်က ကေအိုင်အေ စိုးမိုးနယ်မြေဖြစ်သည့် တနိုင်းဒေသ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပယင်းမှော်၊ ရွှေမှော်များမှ လုပ်ကိုင်နေသူများ ထွက်ခွာပေးရန် ရဟတ်ယာဉ်ဖြင့် စာဖြန့်ဝေခဲ့သည်။ ယင်းနောက် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီကျော်တွင် တနိုင်း-ဒွန်ဘန်ကြားတွင် မြေသယ်ယာဉ် ကိုးစီးကို ကေအိုင်အေတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပြီး မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို မသိရသေးပေ။

Most Read

Most Recent