မြန်မာနိုင်ငံအနေဖြင့် ဂျပန်အစိုးရ၊ JICA၊ ကမ္ဘာ့ဘဏ်အဖွဲ့၊ WHO၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် Universal Health Coverage 2030 အဖွဲ့ဝင်နိုင်ငံများ၏ မယိုင်မလဲ ခိုင်မြဲသော မိတ်ဆွေအဖြစ် ရှိမြဲရှိနေမည်ဟု UHC ဖိုရမ် အဆင့်မြင့်အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကတိပြု

မြန်မာနိုင်ငံအနေဖြင့် ဂျပန်အစိုးရ၊ JICA၊ ကမ္ဘာ့ဘဏ်အဖွဲ့၊ WHO၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် Universal Health Coverage 2030 အဖွဲ့ဝင်နိုင်ငံများ၏ မယိုင်မလဲ ခိုင်မြဲသော မိတ်ဆွေအဖြစ် ရှိမြဲရှိနေမည်ဟု UHC ဖိုရမ် အဆင့်မြင့်အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကတိပြု
Published 16 December 2017

ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Tokyo Prince ဟိုတယ်၌ ကျင်းပခဲ့သည့် Universal Health Coverage Forum အဆင့်မြင့်အစည်းအဝေးဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဖွင့်မိန့်ခွန်းပြောကြားစဉ် (Photo: AFP)

မြန်မာနိုင်ငံအနေဖြင့် ဂျပန်အစိုးရ၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၊ ကမ္ဘာ့ဘဏ်အဖွဲ့၊ WHO ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများနှင့် Universal Health Coverage (UHC) 2030 အဖွဲ့ဝင်နိုင်ငံများ၏ မယိုင်မလဲ ခိုင်မြဲသော မိတ်ဆွေအဖြစ် ရှိမြဲရှိနေမည်ဟု Universal Health Coverage ဖိုရမ် အဆင့်မြင့်အစည်းအဝေး၌ သမ္မတဦးထင်ကျော်က ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျို မြို့ရှိ Tokyo Prince ဟိုတယ်၌ ကျင်းပခဲ့သည့် Universal Health Coverage Forum အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဖွင့်မိန့်ခွန်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိမိတို့ ဒီမိုကရေစီအစိုးရ စတင်တာဝန်ယူသည့် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်မှစပြီး ပြည်သူများ၏ လိုအင်ဆန္ဒများဖြစ်သည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြောင်း၊ Universal Health Coverage (UHC) ၏ မူဘောင်အတွင်း ကျန်းမာရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် မရှိမဖြစ်လိုအပ်ကြောင်း သမ္မတ ဦးထင်ကျော်က ဆိုသည်။

ပြည်သူလူထုကို အရည်အသွေးမြင့်မားသည့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေးမှာ မိမိတို့အစိုးရ၏ အဓိက ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ခြင်းနှင့် ကျန်းမာရေးကဏ္ဍတွင် လူသားအရင်းအမြစ်များ မြှင့်တင်ခြင်းဆိုသည့် မြန်မာအစိုးရ၏ အဓိက မဟာဗျူဟာထဲမှ တစ်ခုဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် UHC ရည်မှန်းချက် အောင်မြင်ရန် သန္နိဋ္ဌာန်ချမှတ်ပြီးဖြစ်ကြောင်း၊ ထိုရေရှည် ရည်မှန်းချက်သည် လူမျိုး၊ ဘာသာ၊ လူမှုစီးပွား အဆင့်အတန်းမခွဲခြားဘဲ မြန်မာနိုင်ငံသားတိုင်း ငွေကြေးအခက်အခဲမရှိ အဆင့်မြင့် ကျန်းမာရေးဝန်ဆောင်မှုကို လက်လှမ်းမီနိုင်ရေးဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ကျန်းမာရေးကဏ္ဍ၏ အထူးအရေးပါမှုကို အလေးအနက်ထားကာ အစိုးရ၊ တိုင်းရင်းသားလူမျိုးစုများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ၂၀၃၀ ပြည့်နှစ်တွင် UHC ရည်မှန်းချက် အောင်မြင်ရန် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို ရေးဆွဲခဲ့ကြောင်း သမ္မတဦးထင်ကျော်က ဆိုသည်။

ဆက်လက်၍ သမ္မတဦးထင်ကျော်က မြန်မာနိုင်ငံ၏ UHC ရည်မှန်းချက် အောင်မြင်ရေးတွင် ဂျပန်နိုင်ငံအစိုးရ၏ ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နိုင်ငံအစိုးရ၏ နှစ်ပေါင်းများစွာကတည်းက အကူအညီကြောင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဂျပန်နိုင်ငံရှိ အင်စတီကျူးရှင်းများတွင် အဆင့်မြင့်ပညာရပ်များကို သင်ကြားခွင့် ရရှိခဲ့ကြကြောင်း၊ UHC နှင့်ပတ်သက်၍ ဆက်လက် ကူညီပံ့ပိုးမှု ပြုလုပ်ပေးကြသည့် ဂျပန်အစိုးရ၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၊ ကမ္ဘာ့ဘဏ်အဖွဲ့ ၊ WHO ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ နှင့် UHC ၂၀၃၀ အဖွဲ့ဝင်နိုင်ငံများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အဆွေတော်တို့၏ မယိုင်မလဲခိုင်မြဲသော မိတ်ဆွေအဖြစ် ရှိမြဲရှိနေမည်ဟု ကတိပြု ပြောကြားခဲ့ကြောင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများ အသက်ရှည်စွာ နေထိုင်နိုင်ပြီး အဆင့်မြင့်မားသည့် လူနေမှုဘ၀ ရရှိရေးအတွက် UHC ရည်မှန်းချက် အောင်မြင်ရေးတွင် မြန်မာအစိုးရအနေဖြင့် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UHC အခြေခံ မူဝါဒများနှင့်အညီ ပြည်သူလူထုကို ထိရောက်စွာ အကျိုးပြုမည့် ကျန်းမာရေးစနစ် တစ်ခုအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်များကို ချခဲ့ပြီး ၎င်းကျန်းမာရေးစနစ်အရ နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး ကျန်းမာရေးဝန်ဆောင်မှုကို ပိုပြီး လက်လှမ်းမီလာအောင် ရည်မှန်းချက်များ ချမှတ်ထားပြီးဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

ထို့အတူ သမ္မတဦးထင်ကျော်က ကျန်းမာရေးနှင့် ဆိုင်သည့် ဌာနများအားလုံး အပြည့်အဝလည်ပတ်နိုင်ရေး၊ ယင်းဌာနများကို ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းများနှင့် စီမံခန့်ခွဲစေရေး၊ အရေးကြီးဆေးဝါးနှင့် ဆေးပစ္စည်းအားလုံး ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအရင်းအမြစ် ရရှိရေး ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် ငွေကြေးထောက်ပံ့မှု ရရှိရေးအတွက် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ရေရှည်တည်တံ့သည့် ကျန်းမာရေး ငွေကြေးထောက်ပံ့မှု မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်းကို စနစ်တကျ အကောင်အထည်ဖော်ခြင်းသည် UHC ၏ ရည်မှန်းချက်များ အောင်မြင်စွာ ရရှိနိုင်လိမ့်မည်ဟု မိမိတို့သိရှိကြောင်း၊ UHC ကို အကောင်အထည်ဖော်နေပြီ ဖြစ်သော်လည်း အထမြောက်ရန် လုပ်ဆောင်ရမည့် လုပ်ငန်းများစွာ ရှိနေသေးကြောင်း၊ ရည်မှန်းချက် အထမြောက်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို စောင့်မျှော်နေကြောင်း သမ္မတဦးထင်ကျော် က ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုစိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် သတ်မှတ်ကြောင်း၊ စိန်ခေါ်မှုများကို ပြည်သူနှင့်အတူ ရင်ဆိုင်ကျော်လွှား သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ရင်ဆိုင်ကျော်လွှားနိုင်ရေးတွင် ပြည်တွင်းပြည်ပမှာရှိသည့် စိတ်တူကိုယ်တူ မိတ်ဖက်များ၏ ပူးပါင်းဆောင်ရွက်မှု လိုအပ်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

Universal Health Coverage Forum အဆင့်မြင့် အစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံအတွင်းရှိ NGOs ၊ INGO များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ဒီဇင်ဘာ ၁၄ ရက်တွင် တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဂျပန်-မြန်မာ ထိပ်သီးအစည်းအဝေး၌ ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းအတွက် ဂျပန်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ကူညီပံ့ပိုးရေး၊ မြန်မာနိုင်ငံ၏ Universal Health Coverage ရည်မှန်းချက် ပန်းတိုင် အကောင်အထည်ဖော်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီသွားရေး၊ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား စသည့် ကဏ္ဍများတွင် အလေးပေး ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တွင် ဂျပန်ယဉ်ကျေးမှုစင်တာ တည်ထောင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် စာသင်ကျောင်းများ တည်ဆောက်ရေးအတွက် အကူအညီပေးရေး၊ လွတ်လပ်၍ ပွင့်လင်းသော အိန္ဒိယ-ပစိဖိတ်မဟာဗျူဟာ အစီအစဉ်အောက်မှ ဒေသတွင်း ချိတ်ဆက်မှုများမြှင့်တင်၍ မြန်မာနိုင်ငံနှင့် ဒေသတစ်ခုလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးသွားရေးတို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ သည်။

သမ္မတ ဦးထင်ကျော်က နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့တွင် အကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍ ကူညီပံ့ပိုးပေးရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နားလည်မှုနှင့် ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent