ဦးကိုနီ လုပ်ကြံခံရမှုတွင် အသုံးပြုခဲ့သော လက်နက်များကို စစ်ဆေးခဲ့သည့် လက်နက်ပါရဂူရဲအရာရှိ အပါအဝင် ရဲအရာရှိ သုံးဦးအား တရားလိုပြသက်သေအဖြစ် စစ်ဆေး

ဦးကိုနီ လုပ်ကြံခံရမှုတွင် အသုံးပြုခဲ့သော လက်နက်များကို စစ်ဆေးခဲ့သည့် လက်နက်ပါရဂူရဲအရာရှိ အပါအဝင် ရဲအရာရှိ သုံးဦးအား တရားလိုပြသက်သေအဖြစ် စစ်ဆေး
Published 16 December 2017

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်း အပါအဝင် လေးဦးကို ဒီဇင်ဘာ ၁၅ ရက်က မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စဉ်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်း အပါအဝင် လေးဦးကို ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။

ထိုနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ လုပ်ကြံမှုတွင် ဖမ်းဆီးရမိသည့် လက်နက်များ၊ ကျူးလွန်သူ ကြည်လင်း အသုံးပြုခဲ့သည့် လက်နက်အမျိုးအစား၊ ထုတ်လုပ်သည့် နေရာများ စသည်တို့ကို စစ်ဆေးခဲ့သော တရားလိုပြသက်သေ လက်နက်ပါရဂူ ဒုရဲမှူးဇော်သန်း ၏ ထွက်ဆိုချက်များနှင့် လေဆိပ်စီစီတီဗွီ မှတ်တမ်းနှင့် အောင်ဝင်းခိုင်၊ ကြည်လင်း၊ အောင်ဝင်းဇော်တို့၏ လုပ်ကြံမှုမတိုင်မီနှင့် လုပ်ကြံပြီးနောက် ဖုန်းဆက်သွယ်ရေး မှတ်တမ်းများကို စစ်ဆေးခဲ့သည့် ဒုရဲမှူး တင်အောင်မိုး၏ ထွက်ဆိုချက်များကို စစ်ဆေးခဲ့ပြီး ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။

“ဒုရဲမှူး ဇော်သန်းက ဖမ်းဆီးရမိတဲ့ လုပ်ကြံမှုမှာ အသုံးပြုခဲ့တဲ့ လက်နက် အမျိုးအစားရယ်၊ ထုတ်လုပ်တဲ့ နေရာအကြောင်းတွေကို လက်နက်တွေကို စစ်ဆေးရတဲ့ ပါရဂူအနေနဲ့ ရုံးရှေ့မှာ လာထွက်ဆိုတယ်။ နောက်တစ်ယောက်ကတော့ အဓိက နည်းနည်းပိုကျတာက ဒုရဲမှူးတင်အောင်မိုးက သူက လေဆိပ်မှာရှိတဲ့ စီစီတီဗွီမှတ်တမ်းတွေနဲ့ ဆက်သွယ်ရေးကော်ပိုရေးရှင်းရရှိတဲ့ မှတ်တမ်းတွေနဲ့ အခြေအနေတိုက်ကြည့်အခါမှာ အောင်ဝင်းခိုင်၊ ကြည်လင်း၊ အောင်ဝင်းဇော်တို့ လေဆိပ်မှာ လုပ်ကြံမှုပြုလုပ်ဖို့ အလိုလောက်မှာ သူတို့ ဖုန်းဆက်သွယ်မှု ပြုလုပ်ခဲ့တာရယ်၊ ဦးကိုနီ လုပ်ကြံခံရအပြီးမှာ ဆက်သွယ်တဲ့ အကြောင်းအရာတွေကို လာရောက်ထွက်ဆိုပါတယ်။ အဓိကအားဖြင့် တရားခံတွေအားလုံးဟာ ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ရယ်၊ ကြည်လင်းရယ်၊ အောင်ဝင်းဇော်ရယ်ဟာ ဒီလုပ်ကြံမှု ဖြစ်မြောက်အောင် ချိန်သားကိုက်ပြီး  လာရောက်စုံစမ်းတယ်။ လေယာဉ်ဆိုက်ရောက်တဲ့အချိန်၊ စီစီတီဗွီ မှတ်တမ်းတွေအရဆိုရင် ဦးကိုနီရဲ့သမီးဘေးနားမှာ ရပ်ပြီးတော့ စောင့်ဆိုင်းတယ်။ အစရှိတဲ့ အချက်တွေနဲ့ စီစီတီဗွီ မှတ်တမ်းအရရော ဒါကို Confirm ဖြစ်အောင် လာထွက်ဆိုပါတယ်။ အဲဒီတော့ ဒီထွက်ဆိုချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ဒီအမှု ရဲ့ကွင်းဆက်က ပိုမိုပြီးတော့ ပြည့်ဝခိုင်မာ ပေါ်ပေါက်လာတယ်လို့ပဲ ပြောရမှာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

ထို့ပြင် တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် ရဲအုပ်ဇော်နိုင်၏ အဓိက ထွက်ဆိုချက်များ စစ်ဆေးခဲ့ပြီး ပြန်လှန်မေးခွန်း မေးမြန်းရန်အတွက် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမှုနှင့်ပတ်သက်၍ တရားလို သက်သေ ၈၀ အနက် ၆၈ ဦးကို စစ်ဆေးထားပြီး ၁၂ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ ငါးဦးကို မြောက်ပိုင်းခရိုင်တရားရုံး၌ ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၃၄/၂၁၂ တို့ဖြင့် တရားစွဲ ဆိုထားကြောင်း သိရသည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ရာကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက် ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။

ထိုသို့ တရားစွဲခံထားရသူ ငါးဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို ရာဇဝတ် အထွေထွေအမှုအမှတ် ၂၀/၂၀၁၇ တရားခံပြေးအမှုဖြင့် စစ်ဆေးချက်များအရ လတ်တလောတွင် ဖမ်းဆီးရမိနိုင်ခြေ မရှိသဖြင့် တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရပြီး နောက်တစ်နေ့ တွင် နေပြည်တော်ရှိ ဇေယျာဖြိုးခြံဝင်းအတွင်း စာရွက်စာတမ်းအချို့နှင့် ဖုန်းတစ်လုံးကို  အောင်ဝင်းခိုင်က မီးရှို့စဉ် မီးဖိုပေးခဲ့ရသူ ဝန်ထမ်းအပါအဝင် တရားလိုပြသက်သေ သုံးဦးအား ဒီဇင်ဘာ ၈ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးခဲ့သည်။

အဆိုပါ ဝန်ထမ်းသုံးဦးမှာ နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ ဇေယျာဖြိုး၏ ကုမ္ပဏီမှဝန်ထမ်းများဖြစ်ပြီး ၎င်းတို့သုံးဦး အနက်နှစ်ဦးမှာ အောင်ဝင်းခိုင် မီးရှို့သည်ကို မျက်မြင်တွေ့ရှိသူများ ဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေများက ပြောကြားသည်။

လက်ရှိတွင် အဆိုပါအမှုကို အပတ်စဉ် သောကြာနေ့တိုင်း ရုံးချိန်းပေးထားပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် အထူးခုံရုံးဖွဲ့၍ တရားသူကြီး သုံးဦးဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent