ထားဝယ်မြို့လယ်တွင် လူတစ်ဦး ဓားဖြင့်အချက်ပေါင်းများစွာ အထိုးခံရပြီး ဒဏ်ရာရရှိ

ထားဝယ်မြို့လယ်တွင် လူတစ်ဦး ဓားဖြင့်အချက်ပေါင်းများစွာ အထိုးခံရပြီး ဒဏ်ရာရရှိ
Published 16 December 2017

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဗိုလ်ချုပ်လမ်းမပေါ်၌ ဒီဇင်ဘာ ၁၄ ရက် ညက အပေါ့သွားနေသူတစ်ဦး ဓားဖြင့်အချက် များစွာအထိုးခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် ည ၇ နာရီခန့်က ထားဝယ်မြို့လယ်ရှိ ဒေါင်းငူရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်(Amara Lotus ကော်ဖီဆိုင်ရှေ့) ၌ လူတစ်ဦး ဓားထိုးခံရလဲကျနေကြောင်း သတင်းရသဖြင့် ဇမ္ဗူသီရိ အရေးပေါ် လူနာတင်ယာဉ်ဖြင့် သွားရောက်ကြည့်ရှုရာ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိထားသော လူတစ်ဦးလဲကျနေသည်ကို တွေ့ရှိရသဖြင့် လိုအပ်သော ကုသမှုပြုလုပ်ပေးပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ဇမ္ဗူသီရီအရေးပေါ် လူနာတင်ယာဉ်အသင်းမှ သိရသည်။

ထို့နောက် ည ၇ နာရီခွဲတွင် ထားဝယ်မြို့ ဥသာရံရပ်ကွက်တွင် နေထိုင်သူ မသီတာမြင့်က ၎င်း၏မောင်အရင်းတော်စပ်သူဒေါင်း ငူရပ်ကွက်နေ လှမျိုးအောင် (၂၈ နှစ်) မှာ ချွန်ထက်သောအရာဖြင့် အထိုးခံရ၍ ထားဝယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း ထားဝယ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ပြီး တာဝန်ကျရဲအရာရှိက သွားရောက်ကြည့်ရှုရာ လှမျိုးအောင်၏ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဝဲလက်မောင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ၎င်းမှာစကား ပြောနိုင်သဖြင့် မေးမြန်းရာ ဒေါင်းငူရပ်ကွက် ဗိုလ်ချုပ်လမ်း လမ်းသွယ်အတွင်း အပေါ့သွားနေစဉ် အမည်မသိသူတစ်ဦးက ဓားဖြင့်ထိုးသွားကြောင်း ပြောကြားခဲ့သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

“ညက ဓားနဲ့ထိုးသွားတဲ့ တရားခံတော့ မိပြီ။ ဥသာရံထဲကပဲ။ အရက်ဆိုင်မှာ အရက်သောက်ရင်း နေ့ခင်းပိုင်းမှာ ရန်ဖြစ်တယ်။ အဲဒီက အငြိုးနဲ့ အထိုးခံရတဲ့သူက ဆိုင်ဘေးလမ်းကြားထဲမှာ အပေါ့သွားနေတုန်းဓားနဲ့ ထိုးသွားတာ။ ရန်ဖြစ်တာက နေ့ခင်းကဖြစ်တာ။ ဓားနဲ့ ထိုးတာက ညပိုင်းမှထိုးတာ။ ဓားနဲ့ အထိုးခံရတဲ့သူက ဒီနေ့ နံနက်ခွဲခန်းဝင်တယ်။ သက်သာတယ်။ ဓားနဲ့ထိုးတဲ့သူကိုတော့ ထားဝယ်စခန်းမှာ ဖမ်းထားတယ်” ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲအုပ်စိုးနိုင်က ပြောကြားသည်။

Most Read

Most Recent