မန္တလေးခရိုင် ခုနစ်မြို့နယ်၌ ပြည်သူ ၁၄၀၀ ခန့်တွင် ရဲတစ်ဦးနှုန်းရှိပြီး ရဲတပ်ဖွဲ့အင်အား ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ

မန္တလေးခရိုင် ခုနစ်မြို့နယ်၌ ပြည်သူ ၁၄၀၀ ခန့်တွင် ရဲတစ်ဦးနှုန်းရှိပြီး ရဲတပ်ဖွဲ့အင်အား ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ
Published 16 December 2017

မန္တလေးခရိုင် ခုနစ်မြို့နယ်၌ ပြည်သူ ၁၄၀၀ ဦးခန့်တွင် ရဲတစ်ဦးနှုန်းရှိပြီး ရဲတပ်ဖွဲ့ အင်အားဖြည့်တင်းနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးက မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

အဆိုပါ မေးခွန်းကို အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက တရားဥပဒေစိုးမိုးရေးလို့ ဟစ်ကြွေးနေပြီး ရပ်ရွာပြည်သူတွေရဲ့ အနီးကပ်လုံခြုံရေးကို အောက်ခြေအဆင့်တွင် တာဝန်ယူနေသည့် ပြည်သူ့ရဲတစ်ယောက်၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံ လိုအပ်ချက်များကို မည်သို့ ပံ့ပိုးဆောင်ရွက်ထားသည်ကို သိရှိလိုသည့်ကိစ္စနှင့်စပ်လျဉ်းပြီး မေးမြန်းထားခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင်ခုနစ်မြို့နယ်တွင် နေထိုင်သူပြည်သူဦးရေမှာ ၁၅၇၀၈၁၁ ရှိပြီး ဧရိယာအကျယ်အဝန်းမှာ ၃၅၃ ဒသမ ၄၁ စတုရန်းမိုင် ကျယ်ဝန်းပြီး မန္တလေးခရိုင်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတစ်ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးခုနစ်ရုံး၊ မြို့မရဲစခန်းခုနစ်ခု၊ နယ်မြေရဲစခန်း ၁၁ ခုရှိကြောင်း၊ လက်ရှိရဲတပ်ဖွဲ့ဝင် အင်အားသည် ၁၁၂၀ ဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ချထားနိုင်ရေးအတွက် ယခင်က ရဲတပ်သားသစ်အဖြစ် သင်တန်းပို့ချပေးသော အမှတ်(၁) ရဲလေ့ကျင့်သင်တန်းကျောင်း၊ ရမည်းသင်းနှင့် အမှတ် (၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ ဝက်ထီးကန်(၂)ကျောင်းဖြင့် ရဲတပ်ဖွဲ့ဝင်များ မွေးထုတ်ပေးခဲ့ပြီး ယခုအချိန်တွင် အမှတ်(၃) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းစစ်ကိုင်းနှင့် အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ တောင်လေးလုံးတို့ တိုးချဲ့ဖွင့်လှစ်ခဲ့ကာ အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း စစ်ကိုင်းတွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး သင်တန်းသား ၂၀၀ ဦးပါ တပ်ခွဲနှစ်ခွဲဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး တပ်ခွဲလေးခွဲ တစ်ပြိုင်နက် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင် ဝန်ကြီးက ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၂၀၁၆ ခုနှစ်တွင် ရဲတပ်သားသစ် ၄၈၈ ဦး စုဆောင်းရရှိပြီး ရဲတပ်သားသစ်စုဆောင်းမှု အထူးစီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၁၇ခုနှစ် နိုဝင်ဘာလအထိ ၆၃၅ ဦး စုဆောင်းရရှိပြီး ယခင်နှစ်ထက် ၁၄၇ ဦး ပိုမိုစုဆောင်းရရှိပြီးဖြစ်ကြောင်း၊ ယခုထက် ပိုမိုစုဆောင်းရရှိရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ပိုမိုစုဆောင်းရရှိမှု အပေါ်မူတည်ပြီး မန္တလေးမြို့ပေါ်တွင် ရဲတပ်ဖွဲ့ဝင် အင်အားဖြည့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ရဲတပ်ဖွဲ့ဝင်များအတွက် နေအိမ်လိုင်းခန်းများ တိုးချဲ့မြှင့်တင် ဆောင်လုပ်ပေးခြင်းများနှင့် ရဲတပ်ဖွဲ့နှင့် ပတ်သက်သည်များကို ဆက်လက်ဖြေကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent