ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အမှုအတွက် ဆိုင်ပိုင်ရှင် အပါအဝင် နှစ်ဦးကို ပုဒ်မလေးခုဖြင့် စတင်တရားစွဲဆို

ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အမှုအတွက် ဆိုင်ပိုင်ရှင် အပါအဝင် နှစ်ဦးကို ပုဒ်မလေးခုဖြင့် စတင်တရားစွဲဆို
Published 16 December 2017

ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့်အမှုအတွက် ဆိုင်ပိုင်ရှင် အပါအဝင် နှစ်ဦးကို ပုဒ်မလေးခုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ဒီဇင်ဘာ ၁၅ ရက်က စတင်တရားစွဲဆိုခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် တရားရုံးမှ သိရသည်။

ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို နိုဝင်ဘာ ၂၈ ရက်က ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အမှုအတွက် ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် လက်ပံတန်းမြို့မှ မြင့်ကျော်ဆိုသူတို့ကို ပုဒ်မ ၂၉၄၊ ၂၉၅ (က)၊ ၃၂၃၊ ၄၀၃ တို့ဖြင့် ထောက်ကြန့်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်လွင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆိုင်ပိုင်ရှင် ဦးအောင်မိုးကို ဒီဇင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ပြီး မြင့်ကျော်ဆိုသူကို ဒီဇင်ဘာ ၅ ရက်က လက်ပံတန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို တရားလို အပါအဝင် တရားလိုသက်သေ ၁၉ ဦးဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

စတင်တရားစွဲဆိုသည့် ဒီဇင်ဘာ ၁၅ ရက်တွင် လမင်းသာ(၂)ဆိုင်ပိုင်ရှင်မှ အာမခံ လျှောက်ထားသော်လည်း စွဲဆိုထားသည့် ပုဒ်မများတွင် အာမခံပေး၍မရသည့် ပုဒ်မပါရှိသောကြောင့် အာမခံမရကြောင်း တရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီး လာမည့်ရုံးချိန်းကို ဒီဇင်ဘာ ၂၉ ရက်သို့ ပြန်လည်ချိန်းခဲ့သည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၂၈ ရက်က ထောက်ကြန့်ရဲစခန်းအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်သို့ ဆရာတော်ဘဒ္ဒန္တဣန္ဒ (ဓမ္မစရိယ)မှ ဆေးသောက်ရန် ရေနွေးတောင်းသောက်စဉ် “ဘုန်းကြီးနဲ့ အရက်ဆိုင်နဲ့ ဘာဆိုင်လို့လဲ အရက်သမား ဘုန်းကြီးလား။ ဘုန်းကြီးအတုကွ ဖမ်းကွာရိုက်ကွာ” ဟု ပြောဆိုပြီး လူတချို့က ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပုသိမ်ပစ္ဆိမာရုံကျောင်း ဆရာတေ်ာကြီးနှင့် ကာယကံရှင်ဆရာတော် ဆရာတော်ဘဒ္ဒန္တဣန္ဒ (ဓမ္မာစရိယ) အပါအဝင် သံဃာတော်များ သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်များက မိန့်ကြားသည်။

တရားစွဲဆိုခံထားရသည့် မြင့်ကျော်ဆိုသူသည် ဥူးပညာသာရဘွဲ့အမည်ဖြင့် ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊ အေးမြစံပျော် ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် တစ်ပါးဖြစ်ပြီး လူမှုရေးကိစ္စများ၊ အရက်သေစာ သောက်စားခြင်းများ မကြာခဏ ပြုလုပ်တတ်၍ ကျေးရွာနှင့် အဆင်မပြေသည့် ဘုန်းကြီးတစ်ပါးဖြစ်ကာ ပြစ်မှုဖြစ်ပွားရာ လမင်းသာ(၂) စားသောက်ဆိုင်သို့ Facebook ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ရောက်ရှိသောက်စားနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရိုက်နှက်ခံရသည့် ဆရာတော်သည် စာပေများ ရေးသားလျက်ရှိသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent