<

ကျပ်သိန်းပေါင်းထောင်နှင့်ချီ လိမ်လည်မှုနှင့်ပတ်သက်၍ Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးရွှေမိုးစက်အား ရုံးထုတ်

ကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်မှုနှင့် ပတ်သက်၍ Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်ဖြစ်သူ ဦးရွှေမိုးစက်အား ဒီဇင်ဘာ ၁၅ ရက်က ရန်ကင်းမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ရုံးထုတ်တွင် တရားသူကြီးက တရားလို ရန်ကင်းမြို့မရဲစခန်းမှ ဒုရဲမှူးစိုးနိုင်၊ တရားလိုပြသက်သေများအဖြစ် ရဲတပ်ကြပ်တစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့အား စစ်ဆေးပြီး ဒီဇင်ဘာ ၂၉ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“၂၉ ရက်နေ့အထိ ချုပ်မိန့်ပေးလိုက်တာပေါ့။ ဒီနေ့မှာတော့ တရားလိုဖြစ်တဲ့ ရန်ကင်းမြို့မရဲစခန်းက စခန်းမှူးနဲ့ အခြားတရားလိုပြ သက်သေဖြစ်တဲ့ ရဲအရာရှိတစ်ဦး၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို စစ်ဆေးခဲ့ပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ဦးရွှေမိုးစက်နှင့် ပိုင်ရှင် ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးအား အနောက်ပိုင်းခရိုင် တရားရုံးတို့တွင် တရားမမှုဖြင့် ရှယ်ယာရှင်များက တရားစွဲဆိုထားသည်။

Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်သူ ပြည်တွင်း/ပြည်ပမှ လူဦးရေ ၁၅၀၀ ကျော်ခန့်ရှိပြီး လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း၊ ဖက်ရှင်ဆိုင်၊ ကျောက်စိမ်းနှင့် ကျောက်မြတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကိတ်မုန့်ကော်ဖီဆိုင်များ၊ အလှပြင်ဆိုင်၊ စတူဒီယိုနှင့် မင်္ဂလာဝန်ဆောင်မှုလုပ်ငန်း၊ ကားရေဆေးဆီထိုးလုပ်ငန်း စသည့်လုပ်ငန်းများ လုပ်ကိုင်မည်ဟုဆိုကာ ရှယ်ယာဝင်များအား ဖိတ်ခေါ်ခဲ့ကြောင်း ရှယ်ယာဝင်များ၏ ပြောကြားချက်အရ သိရသည်။

ရှယ်ယာရှင်များသည် အဆိုပါကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ငွေ အနည်းဆုံးငါးသိန်းမှစပြီး အများဆုံး သိန်း ၂၀၀၀ အထိရှိကြောင်း ရှယ်ယာရှင်များက ပြောကြားသည်။

ရှယ်ယာထည့်ဝင်သူများအတွက် ငါးသိန်းမှ သိန်း ၄၀ အထိ ရှယ်ယာထည့်ဝင်လျှင် ရာခိုင်နှုန်း ၃၀၊ ၄၁ သိန်းမှ သိန်း ၉၀ အထိ ထည့်ဝင်လျှင် ၂၅ ရာခိုင်နှုန်း၊ ၉၁ သိန်းအထက်ထည့်ဝင်လျှင် ရာခိုင်နှုန်း ၂၀ အမြတ်ရရှိမည်ဖြစ်ကြောင်း ရှယ်ယာရှင်များထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ဦးရွှေမိုးစက်ကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ ခြေချုပ်ဖြင့် ဖမ်းဆီးထားပြီး ပိုင်ရှင်ဖြစ်သူ ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးဆိုသူအား ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့သော်လည်း လက်ရှိအချိန်တွင် အာမခံပေးထားကြောင်း ရန်ကင်းမြို့မရဲစခန်းမှ သိရသည်။

December 15, 2017














Copy Protected by Chetan's WP-Copyprotect.