ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာတွင် အဘွားဖြစ်သူက လေးနှစ်အရွယ်မြေးဖြစ်သူ (လင်ပါမြေး) အား ရိုက်သတ်မှုဖြစ်ပွား

ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာတွင် အဘွားဖြစ်သူက လေးနှစ်အရွယ်မြေးဖြစ်သူ (လင်ပါမြေး) အား ရိုက်သတ်မှုဖြစ်ပွား
Published 16 December 2017

ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာတွင် အဖွားဖြစ်သူမှ အသက်လေးနှစ်အရွယ် မြေးဖြစ်သူ (လင်ပါမြေး) အား ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာ အောင်မေတ္တာ (၂) လမ်းတွင် နေထိုင်သည့် ဒေါ်သန်းသန်းနွယ် (ခ) မိကမ်း (၃၇)နှစ်ဆိုသူမှာ လင်ဖြစ်သူဘက်မှပါလာသည့် မြေးမလေးဖြစ်သူ မဆောင်းဇာဝင်းဆိုသူအား ဒီဇင်ဘာ ၁၂ ရက်တွင် နေအိမ်အတွင်း လက်ဖြင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ တံမြက်စည်းဖြင့်ရိုက်ခြင်း၊ နေအိမ်အပေါ်မှ ပစ်ချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် မဆောင်းဇာဝင်းမှာ ဒဏ်ရာများဖြင့် စိုးရိမ်ရသည့် အနေအထား ဖြစ်လာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ကော့သောင်းမြို့ဆေးရုံကြီးသို့ တင်ဆောင် ကုသပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ ကုသပေးခဲ့သော်လည်း မဆောင်းဇာဝင်းမှာ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်၊ နောက်ကျောနှင့် ခြေထောက်တို့တွင် ရရှိထားသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

“အဲဒီအမျိုးသမီးက အသက်က ၃၇ နှစ်ပဲ ရှိသေးတယ်။ နောက်အိမ်ထောင်ကနေ ပါလာတဲ့ မြေးမလေးတစ်ဦးရှိနေတယ်။ လင်ဘက်ကပါလာတဲ့မြေးပေါ့။ လောလောဆယ် ကလေးကို ဆုံးမတယ်လို့ သတင်းထွက်နေပေမဲ့ ကျွန်တော်တို့ အသေးစိတ် မစစ်ဆေးရသေးပါဘူး။ အဲဒီအမျိုးသမီးကို ဘာကြောင့် ဒီလိုလုပ်တယ်၊ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်သလား စသဖြင့် စစ်ဆေးရဦးမှာပါ။ လောလောဆယ် ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ကလေးကို ကျွန်တော်တို့တွေ့ချိန်မှာဆိုရင် နောက်ကျနေပြီ။ ကလေးကတော့ ဆုံးသွားရှာပါတယ်” ဟု ကော့သောင်းမြို့မရဲစခန်းမှ ရဲအုပ်အောင်ဇော်မင်းထွန်းက ပြောကြားသည်။

သေဆုံးခဲ့ရသည့် မဆောင်းဇာဝင်းမှာ အသက်လေးနှစ်အရွယ်သာ ရှိသေးပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုလုံးတုံတုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇင်ကိုဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကော့သောင်းမြို့မ ရဲစခန်းမှ (ပ) ၂၁၆၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent