မြစ်ကြီးနားမြို့တွင် ကျပ်သိန်းပေါင်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မြစ်ကြီးနားမြို့တွင် ကျပ်သိန်းပေါင်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Published 16 December 2017

ကျပ်သိန်းပေါင်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မြစ်ကြီးနားတွင် ဒီဇင်ဘာ ၁၄ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

ဧရာဦးစစ်ဆင်ရေး စီမံချက်ဖြင့် မြစ်ကြီးနား အခြေစိုက် မူးယစ်တပ်ဖွဲ့ (၂) မှ ရဲအုပ်စိုင်းစံဖေ ခေါင်းဆောင်သော တပ်ဖွဲ့ဝင်များနှင့် ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့၊ ဝိုင်းမော်မြို့မှ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ခလရ (၂၉) မှ ဗိုလ်စောသီဟထွန်း ဦးစီးအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ ဝိုင်းမော်မြို့နယ် ဗလမင်းထင် တံတားဂိတ်တွင် စောင့်ဆိုင်းနေစဉ် ဝိုင်းမော်မှ မြစ်ကြီးနားဘက်သို့ လနောင် (ခ) နောင်းချိန် မောင်းနှင်လာပြီး ဘေးတွင် ဂမ်မော် (ခ) လဖိုင်ဂမ် လိုက်ပါလာသည့် တိုယိုတာအဲဖတ်ကားအား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ဘိန်းဖြူမှုန့် စုစုပေါင်း အလေးချိန် ၁ ဒသမ ၂၁ ကီလို၊ တစ်ကီလိုလျှင် ကျပ်သိန်း ၈၀၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း ၉၆၈ သိန်း၊ ပန်းရောင်စိတ်ကြွဆေးပြား ၅၃၄၆၀ ပြား တစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ကာလတန်ဖိုး ကျပ် ၁၆၀၃ သိန်း၊ လက်ကိုင်ဖုန်းများ၊ ယာဉ်မောင်းလိုင်စင်များ၊ နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ တရားခံများစစ်မေးချက်အရ ယင်းပစ္စည်းများကို မူဆယ်မြို့ ဟိုနားရပ်ကွက်နေ ဇော်လတ်ဆိုသူမှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ခ ငွေကျပ် ၁၀ သိန်းပေး၍ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝိုင်းမော်မြို့မရဲစခန်းတွင် လနောင် (ခ) နောင်းချိန် အသက်(၂၇)နှစ် ဖိုင်ကောင်းကျေးရွာ ပန်ဆိုင်း(ကြူကုတ်မြို့နယ်ခွဲ) နေသူနှင့် ဂမ်မော် (ခ) လဖိုင်ဂမ် အသက် (၂၅) နှစ် ဖိုင်ကောင်းကျေးရွာ ပန်းဆိုင်း (ကြူကုတ်) မြို့နယ်ခွဲနေသူ နှစ်ဦးအား မယ (ပ)၁၆၅/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသာဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူထားကြောင်း၊ ကွင်းဆက်တရားခံများကို ဖမ်းမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent