<

ဒလနှင့် ရန်ကုန်မြို့ ဆက်သွယ်မည့် မြေအောက်ရထားလမ်းဖောက်လုပ်မှု လာမည့် ၂၀၂၀ ပြည့်နှစ်တွင် စတင်နိုင်ရန် စီစဉ်နေ

ဒလနှင့် ရန်ကုန်မြို့ကို ဆက်သွယ်မည့် မြေအောက်ရထားလမ်းဖောက်လုပ်မှုကို လာမည့် ၂၀၂၀ ပြည့်နှစ်တွင် စတင်နိုင်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ မြေအောက်ရထား ပြေးဆွဲမှုသည် လျှပ်စစ်ကိုအသုံးပြု ပြေးဆွဲရမည်ဖြစ်ပြီး ရန်ကုန်နှင့် ဒလအကြားတွင် မြေအောက်ရထားလမ်းဖောက်လုပ်ရန်ရှိပြီး ရန်ကုန်ဘက်ခြမ်းတွင် မြေပေါ်မှပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ရထားလမ်းသည် ဒလမှ ရန်ကုန်-မင်္ဂလာဒုံအထိ ပြေးဆွဲမည်ဖြစ်ပြီး လှိုင်သာယာမှ ဒဂုံမြို့သစ်ကို သွားနိုင်မည့်လမ်း တစ်လမ်းကိုလည်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်ကို UMRT ဆိုတဲ့ဟာတစ်ခု လုပ်ဖို့ရှိတယ်။ မြေအောက်ရထားတို့၊ မြေပေါ်ရထားတို့ အဲဒါတွေလုပ်ဖို့ရှိတယ်။ အဲဒီ ရထားက လျှပ်စစ်နဲ့ သုံးရမှာ။ အဲဒါကိုတော့ ဒလဘက်လောက်အထိတော့ မြေအောက်လမ်းဖောက်ဖို့ရှိတယ်။ အဲဒါကတော့ မြေအောက်ပေါ့။ ဒီဘက်ကိုကျတော့ မြေပေါ် တံတားပေါ်တက်သွားပြီးတော့ ဒီဘက်ကနေကူးမှာ။ ဒလကနေ ကူးလာပြီးတော့ မင်္ဂလာဒုံ အထိသွားမှာ။ တကယ်လုပ်မယ့်အချိန်က ခန့်မှန်းခြေ ၂၀၂၀ လောက်မှစမယ်လို့ မှန်းထားတယ်။ လုပ်ဖို့ကြိုးစားနေတယ်။ လျှပ်စစ်ရရှိမှုတို့၊ တိုင်းတာတဲ့ အချက်အလက်တွေ လိုသေးတော့ ၂၀၂၀ လောက်မှ စဖောက်မယ်လို့ မှန်းထားတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပြီး အဆင့်မြှင့်တင်မှုပြီးစီးပါက မီးရထားသံလမ်းပေါ်တွင် လူများ ဖြတ်သန်းသွားလာ ခွင့်ပြုတော့မည်မဟုတ်ဘဲ ခြံစည်းရိုးနှစ်ထပ် ကာရံသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြို့ပတ်လမ်းပိုင်းတွင် RBE ၁၂ ဆိုင်း၊ ရထားကြီး ၁၃ ဆိုင်းနှင့် စုစုပေါင်း ၂၅ ဆိုင်းကို နေ့စဉ်ခေါက်ရေ ၂၂၀ ပြေးဆွဲနေကြောင်း သိရသည်။

မြို့ပတ်ရထားစီးနင်းသူခရီးသည်များ တစ်ရက်လျှင် ၉၀၀၀၀ ခန့် လိုက်ပါစီးနင်းနေကြောင်း သိရသည်။ လက်ရှိတွင် မြို့ပတ်ရထားကို တစ်နာရီလျှင် မိုင် ၂၀ နှုန်းဖြင့် ပြေးဆွဲနေပြီး မြို့ပတ်လမ်းပိုင်း ပြင်ဆင်ပြီးချိန်တွင် ခေါက်ရေလည်း စိတ်လာမည်ဖြစ်ကာ ပျမ်းမျှအားဖြင့် တစ်နာရီလျှင် ၃၂ မိုင်နှင့် ကီလိုအားဖြင့် ၆၀ ဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

December 15, 2017














Copy Protected by Chetan's WP-Copyprotect.