Yak- 130 အမျိုးအစား တိုက်လေယာဉ်ခြောက်စင်း အပါအဝင် လေယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်

Yak- 130 အမျိုးအစား တိုက်လေယာဉ်ခြောက်စင်း အပါအဝင် လေယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်
Published 16 December 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်လေယာဉ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နှစ် (၇၀) ပြည့် တပ်မတော် (လေ) နှစ်ပတ်လည်နေ့နှင့် Yak- 130 အမျိုးအစား လေယာဉ်ခြောက်စင်း အပါအဝင် လေယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော် (လေ) ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ တက်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်တော်ဝင်ခဲ့သည့် လေယာဉ်များမှာ Yak- 130 အမျိုးအစားခြောက်စင်း၊ Fokker- 70 အမျိုးအစား လေယာဉ်နှစ်စင်းနှင့်၊ ATR42-320 အမျိုးအစား လေယာဉ်နှစ်စင်း စုစုပေါင်း ၁၀ စင်းဖြစ်သည်။

မျက်မှောက်ခေတ်ကာလ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲများကို လေ့လာကြည့်ပါက ဘက်မညီစစ်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး လေကြောင်းစွမ်းအားသည် များစွာအရေးပါလျက်ရှိကြောင်း၊ လေကြောင်းစွမ်းအား သာလွန်မှုကို အသုံးပြုပြီး စစ်ပွဲအောင်နိုင်ရေးအတွက် ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် မိမိတို့၏တပ်များ တိုက်စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက် လေကြောင်းစစ်ဆင်ရေးကို အဓိကထား အသုံးပြုလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သာလွန်သည့်လေကြောင်း စွမ်းအားဖြစ်လာစေရေးအတွက် မိမိတို့ တပ်မတော်၏လေတပ်ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပြောကြားသည်။

ထို့ပြင် လေ့ကျင့်ရေး လုပ်ဆောင်ခြင်းသည် ကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှုရှိရန် ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုဟူသည် တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရန် လေ့ကျင့်ခြင်းဖြစ်ပြီး ကျွမ်းကျင်မှုဆိုသည်မှာ စစ်လက်နက်ပစ္စည်း ကိရိယာများ၊ စစ်နည်းဗျူဟာများနှင့် စစ်ဘက်ဆိုင်ရာပညာရပ်များ ကျွမ်းကျင်စေရန် လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သော နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီတပ်မတော်ဖြစ်ရန်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားများ ထက်မြက်နေရန်လိုကြောင်း၊ လေယာဉ်များကို ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်နိုင်သော ကျွမ်းကျင်သည့် လေသူရဲများ၊ ကျွမ်းကျင်သည့် စက်မှုလက်မှုပညာရှင်များနှင့် တပ်ဆင်ထားသည့် စစ်လက်နက်ပစ္စည်းများကို ထိရောက်ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်နိုင်သောစစ်သည်များ မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ တပ်မတော် (လေ) အနေဖြင့် ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက် ကွာဟမှုများရှိနေရာမှ ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ဘက်စုံသုံး စွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ အသုံးပြုလာနိုင်ခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် စတုတ္ထမျိုးဆက် MIG-29 တိုက်လေယာဉ်များ စတင်အသုံးပြုလာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကို အမီလိုက်နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ အမီလိုက်နိုင်ရန်အတွက် ပန်ကာတပ်လေယာဉ် အဆင့်မှ ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်၊ ၎င်းမှတစ်ဆင့် စတုတ္ထမျိုးဆက်ဂျက်တိုက်လေယာဉ် စသည်ဖြင့် မျိုးဆက်များ ခုန်ကျော်တက်လှမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မျိုးဆက်များ ခုန်ကျော်တက်လှမ်းလာခြင်းနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသည့် ရှေ့တန်းတိုက်ခိုက်ရေး လေသူရဲများ မွေးထုတ်ရာတွင် အခြေခံ အမောင်းသင်လေယာဉ်အဆင့်မှ စတုတ္ထမျိုးဆက် တိုက်လေယာဉ်အထိ တိုက်ရိုက်ကူးပြောင်းရန် မဖြစ်နိုင်သည့်အတွက် ကြားခံလေ့ကျင့်ရေး တိုက်လေယာဉ်များနှင့် လေသူရဲငယ်များ အတွေ့အကြုံ ရင့်ကျက်လာစေရန် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တပ်မတော်သည် ပြည်ပကျူးကျော်မှုနှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို သာမက အမျိုးသားနိုင်ငံရေးတာဝန်များကိုပါ ထမ်းဆောင်ခဲ့ရကြောင်း၊ ခေတ်အဆက်ဆက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးမခံရစေရန်အတွက် အသက်ခန္ဓာ၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ချမှတ်ထားသော တပ်မတော်၏ မူဝါဒ ၆ ရပ်နှင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အမျိုးသားနိုင်ငံရေး အကြောင်းအရာများကို လုပ်ဆောင်ခြင်းသည်လည်း နိုင်ငံ့အရေးတာဝန် ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင် တပ်မတော်သည် အင်အား တောင့်တင်းခိုင်မာပြီး စွမ်းရည်ရှိရန် လိုအပ်ကြောင်း၊ စွမ်းရည်ရှိမှသာ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ) များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ) များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော် (လေ) မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်မောင်မောင်ကျော်က လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်တော်ဝင်ခြင်း အခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြ ပျံသန်းခြင်းများ ပြသခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အခမ်းအနားတွင် ဇီဝိတဒါန ငှက်လွှတ်ခြင်း ဆောင်ရွက်ကြရာ ငှက်အကောင်ရေ ၇၀ ကောင်တို့အား ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

နှစ် (၇၀) ပြည့် တပ်မတော် (လေ) နှစ်ပတ်လည်နေ့ အခမ်းအနား၌ အရုဏ်ဆွမ်း ဆက်ကပ်ခြင်းနှင့် စစ်ရေးပြအခမ်းအနားတို့အား ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်း၌ပင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဦးဆောင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

ယခုတပ်တော်ဝင်ခဲ့သည့် လေယာဉ်များအနက် Yak- 130 အမျိုးအစား အပေါ့စား ဂျက်တိုက်လေယာဉ်များသည် တစ်စင်းလျှင် ဒေါ်လာ ၁၅ သန်းခန့် တန်ကြေးရှိပြီး မြန်မာနိုင်ငံက သုံးနှစ်ကြာ လေ့လာခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်က စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရုရှားစစ်ဘက်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ Tass သတင်းဌာနက နိုဝင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းသတင်းတွင် မြန်မာနိုင်ငံမှ ဝယ်ယူထားသည့် Yak- 130 အမျိုးအစား အပေါ့စားဂျက်တိုက်လေယာဉ် ပထမအသုတ်အဖြစ် ခြောက်စင်းပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ပထမအသုတ်ခြောက်စင်းကို ၂၀၁၆ ခုနှစ်တွင် သုံးစင်းနှင့် ၂၀၁၇ ခုနှစ်တွင် သုံးစင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၁၈ ခုနှစ်တွင် ထပ်မံပေးပို့ရန် မျှော်လင့်ထားကြောင်း ထိုစဉ်အချိန်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်လာသည့် ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Russia's Service for Military and Technical Cooperation (FSMTC) ၏ ဒုတိယညွှန်ကြားရေးမှူး Milkhali Petukhov က Tass သတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။

လေသူရဲနှစ်ဦးမောင်း Yak- 130 လေယာဉ်သည် ဝေဟင်ပစ်ဒုံးကျည်များ၊ မြေပြင်ပစ်ဒုံးကျည်များ၊ ဗုံးများ၊ စက်သေနတ်များ၊ ပဲ့ထိန်းဒုံးများ စုစုပေါင်းကီလိုဂရမ် ၃၀၀၀ အလေးချိန်အထိ တင်ဆောင်နိုင်စွမ်းရှိပြီး အပေါ့စား တိုက်ခိုက်ရေးလေယာဉ်အဖြစ် သာမက နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များအတွက် ကြားခံတန်းမြင့် အမောင်းသင် ဂျက်လေယာဉ်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

Yak- 130 လေယာဉ်ကို အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ရုရှားနှင့် ဆီးရီးယားတို့တွင် အသုံးပြုနေကြောင်း သိရသည်။

Most Read

Most Recent