ဒဂုံမြို့နယ်၌ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို အုတ်ခဲဖြင့်ထု၍ ဖုန်းနှင့် ငွေများ လုယက်သည့် လူငယ်အဖွဲ့အား ဖမ်းဆီးရမိ

ဒဂုံမြို့နယ်၌ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို အုတ်ခဲဖြင့်ထု၍ ဖုန်းနှင့် ငွေများ လုယက်သည့် လူငယ်အဖွဲ့အား ဖမ်းဆီးရမိ
Published 16 December 2017

ဒဂုံမြို့နယ်၌ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို အုတ်ခဲဖြင့်ထု၍ ဖုန်းနှင့် ငွေများ လုယက်သည့် လူငယ်အဖွဲ့အား ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဒဂုံအရှေ့မြို့နယ်နေ ကို....သည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၃ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ်ဘက်မှ ဒဂုံမြို့နယ်ဘက်သို့ လမ်းလျှောက်လာစဉ် ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက် ကမ္ဘာအေးစေတီလမ်း အမှတ် (၁)မော်တော်ယာဉ်ဝင်း အရှေ့အရောက်၌ အနောက်မှ စက်ဘီးနှစ်စီးကို စီးနင်းလာသည့် အမျိုးသားလေးဦးက စက်ဘီးပေါ်မှဆင်းလာပြီး ၎င်းတို့အနက် နှစ်ဦးက ကို..... အား ချုပ်ကိုင်ကာ တစ်ဦးက အုတ်ခဲဖြင့် ဦးခေါင်းကိုထုရိုက်၍ ပါသည့်အရာများကို အားလုံးထုတ်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် ကို.....ထံမှ လက်ကိုင်ဖုန်းတစ်လုံး၊ ကျပ် ၃၀၀၀၀ ထည့်ထားသည့် ပိုက်ဆံအိတ်နှင့် အခြားပစ္စည်းများပါ ကျောပိုးအိတ်တစ်လုံးကို လုယူထွက်ပြေးသွားခဲ့ပြီး ကို....မှာ ဦးခေါင်း၌ရရှိသော ဒဏ်ရာများကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ဒဂုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ပြီး (ပ) ၁၈၉ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အမှုဖွင့်ပြီးတော့ ကျွန်တော်တို့ ရဲလုပ်ငန်းစဉ်တွေအတိုင်း ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ စုံစမ်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ပြီး ကျူးလွန်သူတွေဟာ မင်္ဂလာတောင်ညွန့်မှာနေကြတဲ့ လူငယ်တွေလို့ သိရပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရတယ်။ သူတို့ကိုတော့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၇ နာရီလောက်မှာ သန်လျင်၊ နတ်စင်ကုန်းရပ်ကွက်ထဲကနေ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၅ ရက်က ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မှတ်ကြီး (ခ)ဇေယျာမောင်၊ မျိုးမြင့်အောင်၊ မျိုးကို၊ ကတုံး (ခ) ကိုဖြိုးတို့အား စစ်ဆေးရာ ၎င်းတို့သည် မင်္ဂလာတောင်ညွန့်မြို့နယ် သာယာကုန်းရပ်ကွက်ရှိ စည်ပင်ဝန်ထမ်းအိမ်ရာမှ စာကလေးဆိုသူနှင့်အတူ စက်ဘီးများစီး၍ ထွက်လာခဲ့ကြောင်း၊ ကျူးလွန်သည့်နေရာတွင် ကျောပိုးအိတ်လွယ်လာသူ အမျိုးသားတစ်ဦးကိုတွေ့ရပြီး ၎င်းထံမှ လုယက်ခဲ့ခြင်းဖြစ်ကာ စာကလေးက ဦးခေါင်းအား အုတ်ခဲဖြင့် ထုရိုက်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးပေါ်ပေါက်ချက်အရ မှတ်ကြီးပါလေးဦးကို ဆက်လက်စစ်ဆေးနေပြီး သက်သေခံပစ္စည်းများကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့ကာ ကျူးလွန်ရာတွင် ပါဝင်သည့် တိမ်းရှောင်နေသူ စာကလေးကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent