တနင်္သာရီတိုင်းဒေသကြီးအတွင်း အများပြည်သူ အသုံးပြုသည့်နေရာများ၌ အရက်ဝိုင်းဖွဲ့ သောက်သုံးနေမှုများကို စတင်ဖမ်းဆီးမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း အများပြည်သူ အသုံးပြုသည့်နေရာများ၌ အရက်ဝိုင်းဖွဲ့ သောက်သုံးနေမှုများကို စတင်ဖမ်းဆီးမည်
Published 16 December 2017

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် အများပြည်သူ အသုံးပြုနေသည့် ပလက်ဖောင်းနှင့် ပန်းခြံစသော Public Area များ၌ အရက်ဝိုင်းဖွဲ့ သောက်သုံးနေမှုများကို စတင်ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အရက်သောက်သုံးနေမှုများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ ခု၌ ပညာပေးအနေဖြင့် စစ်ဆေးရန် ဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း မြိတ်မြို့တွင်မူ မကြာခဏ အုပ်စုဖွဲ့ ရိုက်နက်မှုများ ဖြစ်ပေါ်နေသဖြင့် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် အရက်သောက်သုံးနေမှုများကို တွေ့ရှိပါက ဒေသန္တရအမိန့်ဖြစ်သည့် ပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြားထားသည်ဟု သိရသည်။

“ကမ်းနားလမ်းတို့ လူသွားလမ်းတို့ အများပြည်သူ အသုံးပြုနေတဲ့ ပန်းခြံတွေမှာ အရက်ဝိုင်းဖွဲ့သောက်တာ လက်မခံပါဘူး။ အများပြည်သူကို အနှောင့်အယှက်ဖြစ်လို့။ သောက်ချင်ရင် ဒီ့ပြင်နေရာသွားသောက်ပေါ့။ ထားဝယ်မှာ ပန်းခြံတို့ ဘာတို့မှာ စစ်ခိုင်းထားပါတယ်။ ပညာပေးလုပ်ခိုင်းထားတယ်။ မြိတ်မှာကျတော့ ကမ်းနားလမ်းမှာ အုပ်စုဖွဲ့ရိုက်တာ နှက်တာတွေက များလွန်းလို့ အဲဒီမှာတော့တွေ့ရင် ဖမ်းပြီးအရေးယူခိုင်းထားတယ်။ သုံးခရိုင်လုံး လုပ်ခိုင်းထားပေမဲ့ မြိတ်က ဘာဖြစ်လဲဆိုတော့ မူးယစ်ဆေးဝါးက အများဆုံး ရောင်းဝယ်တာလည်း မြိတ်ပဲ။ ကုန်စည်ကူးသန်းမှုက အဝင်အထွက်တွေ ရှုပ်ထွေးတာလည်း မြိတ်ပဲ။ အဲဒီတော့ ခရိုင် သုံးခုစလုံးမှာ မြိတ်က အရှုပ်ထွေးဆုံး၊ လူဝင်ထွက်အများဆုံး၊ စီးပွားရေးကလည်း အချက်အချာကျတယ်။ ဒါကြောင့်မို့ ငါတို့က မြိတ်ကို အဓိကထားတာ။ ကော့သောင်းကျတော့လည်း လမ်းပေါ်မှာ လိုက်ကြည့်ခိုင်းထားတယ်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ယင်းသို့ အများပြည်သူ အသုံးပြုနေသည့်နေရာများတွင် အရက်သောက်စားမှုကို တွေ့ရှိပါက ဒေသန္တရအမိန့်ဖြစ်သည့် ပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent