မြိတ်မြို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတစ်ဦးထံမှ သေနတ်တစ်လက်နှင့် စိတ်ကြွဆေးပြား ခုနစ်သောင်းကျော် ဖမ်းဆီးရမိ

မြိတ်မြို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတစ်ဦးထံမှ သေနတ်တစ်လက်နှင့် စိတ်ကြွဆေးပြား ခုနစ်သောင်းကျော် ဖမ်းဆီးရမိ
Published 15 December 2017

မြိတ်မြို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတစ်ဦးထံမှ သေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သောင်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နယ်ထိန်းအဖွဲ့မှ ဒုရဲအုပ်ထွန်းထွန်းနိုင် ဦးဆောင်သောအဖွဲ့မှာ ဒီဇင်ဘာ ၁၄ ရက်က ကလွင်ကျေးရွာအုပ်စု ပုလဲဒီပါရပ်ကွက် စပါးရွှေဝါလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေသည့် သတင်းအရ မြို့နယ်ရဲမှူး ထုတ်ပေးသော ဝရမ်းအမှတ် (၉၇/၂၀၁၇) ဖြင့် သွားရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ကျော်ဇေယျ (၄၂) နှစ် (ဘ) ဦးအောင်ဌေးဆိုသူအား နေအိမ်တွင် အသင့်တွေ့ရှိရပြီး နေအိမ်အတွင်း သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အိမ်သာအနောက်ခန်းရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၅၈၀၀၀၊ ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၁၂၀၀၊ နေအိမ်အပေါ်ထပ် အိမ်ခန်းအတွင်းရှိ သံဘူးခွံအတွင်းမှ စိတ်ကြွဆေးပြား ၃၂၀၀ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၂၄၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ခဲပြားစငါးစ၊ အသုံးမပြုရသေးသော ခဲပြားလိပ် တစ်လိပ်၊ ဂက်စ်မီးခြစ်များ၊ ဆေးရှူကိရိယာများ၊ ၉ မမ LUGER ပစ္စတိုတစ်လက် (ကျည်အိမ်ခွံတပ်လျက်)၊ ကျည် ၃၂ တောင့်၊ ပစ္စတိုကျည်အိမ်အပိုတစ်ခု၊ သေနတ်အိတ်ခွံတစ်ခု၊ မူးယစ်ဆေးဝါးများ ရောင်းချရာမှ ရရှိထားသော ကျပ်သုံးသိန်းတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများ ရောင်းချခြင်းနှင့် လက်နက်ကိုင်ဆောင်ထားသူ ကျော်ဇေယျ (၄၂) နှစ် (ဘ) ဦးအောင်ဌေးဆိုသူအား မြိတ်မြို့မရဲစခန်းမှ မယ (ပ)၁၉၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀ (က)/၂၂ (ခ) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent