မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်သည့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် ကြိုးစားဖို့လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များဆွေးနွေး

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်သည့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် ကြိုးစားဖို့လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များဆွေးနွေး
Published 15 December 2017

ဘားအံမြို့၌ မြန်မာနိုင်ငံနှင့် ကမ္ဘာ့စွမ်းအင် အကူးအပြောင်းဆွေးနွေးပွဲ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်စဉ်

ကမ္ဘာတွင် ရုပ်ကြွင်းလောင်စာအသုံးပြုမှု လျှော့ချကာ ပြန်ပြည့်မြဲစွမ်းအင်အစားထိုး ရန်ကြိုးစားနေကြသဖြင့် မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်သည့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် ကြိုးစားဖို့ လို အပ်ကြောင်းကို သဘာဝပတ်ဝန်းကျင်ပညာ ရှင်များက ဒီဇင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်သော မြန်မာနိုင်ငံနှင့် ကမ္ဘာ့စွမ်းအင်အကူးအပြောင်း ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

“ကျောက်မီးသွေးကို အဆင့်လိုက်ဖျက်သိမ်းဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ ဒါကြီးကို တခြားလောင်စာတွေနဲ့ ချက်ချင်းပိတ်သိမ်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထည့်ထားရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလုပ်သမားရေးရာ ကိစ္စတွေရှိသေးတယ်။ ဒါကြောင့်မို့ ကူးပြောင်းဖို့ဆိုတာ အချိန်ပေးရတယ်။ အချိန်လည်း ပေးထားပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေဟာ ၂၀၃၀ အပြီး ပြည့်မြဲစွမ်းအင်အစားထိုးရမယ်။ ဒေါ်လေးတို့လို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက ၂၀၅၀ မတိုင်ခင် ဒါတွေကို အပြီးလုပ်ထားမယ်။ ဒေါ်လေးတို့က အဲဒါတွေကို ကြိုတင်စဉ်းစားပြီးတော့မှ ကျောက်မီးသွေးစွမ်းအင်ကို အတိုင်းအတာအရပဲ စဉ်းစားလို့ရမယ်။ ရေရှည်သူများတွေ အားလုံးဆုတ်နေတဲ့အချိန်မှာ ဒေါ်လေးတို့က ကျောက်မီးသွေး စွမ်းအင်တက်တဲ့ ကိစ္စဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။ ကျောက်မီးသွေးသယ်တာ ထားသိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနကို မူကြမ်းအနေနဲ့ တင်ထားပြီး ဖြစ်တယ်။ ဒီချောင်းထဲမှာ အမှုန်တွေကျပြီးတော့ လူတွေရော၊ နွားတွေရော အန္တရာယ်မဖြစ်ဖို့ ကျောက်မီးသွေးသည် သတ္တုထဲမှာပါနေတယ်။ ဒါပေမဲ့ သူ့အတွက် သီးသန့်ဥပဒေက မရှိဘူး။ အနောက်နိုင်ငံတွေမှာ သုံးနေတဲ့ သန့်စင်တဲ့ ကျောက်မီးသွေးပဲဖြစ်ဖြစ်။ အကုန်လုံး ကျောက်မီးသွေးအတွက် သီးသန့်ဥပဒေတွေ နည်းဥပဒေတွေ ပြဋ္ဌာန်းထားတယ်။ အဲဒီအရင်ဆုံးစွမ်းအင်မသုံးခင် ဒါတွေကို အရင်လုပ်ဖို့ လွှတ်တော်မှာတောင်းဆိုကြဖို့ လိုတယ်လေ။ ကျောက်မီးသွေးကို ဒေါ်လေးတို့ကတော့ သဘောမတူဘူး။  အဲဒါမျိုးတွေပြီးမှ မဖြစ်မနေ ပေါ်လစီလုပ်နေတဲ့ သူတွေက စီးပွားရေးလို အပ်တယ်ဆိုလို့ရှိရင် အချိန်တို အတိုင်းအတာအတွင်းတောင်မှ WWF ကတင်ပြသလိုပဲ ပြန်ပြည့်မြဲစွမ်းအင်ဟာ အသေးစားအနေနဲ့ဆိုရင် ခြောက်လအတွင်း ခြောက်နှစ်အတွင်း လုပ်နိုင်မယ်။ ကမ္ဘာနဲ့ပြောင်းနေချိန်မှာ ရေစီးကြောင်းနဲ့ စီးမျှောဖို့ တိုက်တွန်းချင်တယ်” ဟု မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေဝီသန့်ဇင်က ပြောကြားသည်။

“မြန်မာနိုင်ငံကနေ အားတစ်မျိုးတည်းရှိတာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကရင်ပြည်နယ်အပါအဝင် သဘာဝအရင်းအမြစ်တွေ အများကြီးရှိတဲ့အတွက် နေမရှိတဲ့ အချိန်မှာ ရေအားနဲ့ ထုတ်လို့ရတယ်။ ရေမရှိတဲ့အချိန်မှာ လေအားနဲ့ ထုတ်လို့ရတယ်။ ဇီဝလောင်စာနဲ့လည်း ထုတ်လို့ရတယ်။ ဇီဝအပူနဲ့ လည်းထုတ်လို့တယ်။ ကျွန်တော်အနေနဲ့ ဆိုရင်တော့ စိုးရိမ်နေရတဲ့ နည်းပညာတစ်ခုတည်းကို ဇောက်ချပြီး ဘယ်တော့မှပြောလို့ မရပါဘူးခင်ဗျ။ ဘာကို မှီခိုစေချင်သလဲဆိုတော့ မြန်မာနိုင်ငံမှာ ရှိပြီးသား အရင်းအမြစ်တွေ အားလုံးပေါင်းပြီးတော့ နည်းပညာမျိုးစုံ သုံးပြီးတော့ သုံးတာပိုအဆင်ပြေပါတယ်။ အဲဒီတော့ ကရင်ပြည်နယ်မှာ ဆိုလာနဲ့ထုတ်မယ်။ ရှမ်းပြည်နယ်မှာ အသေးစားရေအားနဲ့ ထုတ်မယ်။ တနင်္သာရီတိုင်းမှာ လောလောဆယ် ဂက်စ်နဲ့ထုတ်နေကြတယ်။ အဲဒီတော့ အားလုံးပေါင်းပြီးတော့ ထုတ်မယ်ဆိုရင် ရာသီအလိုက် နည်းပညာအလိုက် တစ်နာရီချင်းစီအလိုက် လျှပ်စစ်ထုတ်မယ်ဆိုရင် မပြတ်ဘူးဆိုတာ ကွန်ပျူတာမောဒင်းနင်းနဲ့ရော၊ သိပ္ပံပညာနဲ့ရော တစ်နာရီအတွင်း နောက် ၃၃ နှစ်အထိ လျှပ်စစ်မပြတ်စေရဘူးဆိုတာ ကျွန်တော်တို့ ဆန်းစစ်တွေ့ရှိပြီးပါပြီ။ တခြားနိုင်ငံတွေမှာလည်း နည်းပညာတစ်မျိုးတည်းကို ဇောက်ချပြီး မသုံးဘဲ ရှိပြီးသားအရင်းမြစ်တွေ အားလုံးကို တွဲဖက်ပြီးတော့ သုံးနေကြပါတယ်ခင်ဗျ” ဟု WWF မှ ဦးရွှန်းစိုဦးက ဆက်လက်ဆွေးနွေးသည်။

“သတ္တုဥပဒေမှာကတော့  သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်လေး တစ်ခုပဲရှိတယ်။ ကျန်တာဘာမှမရှိဘူး၊ ကျောက်မီးသွေးဟာ ကမ္ဘာတစ်ဝန်းလုံးမှာ ပြောရမယ်ဆိုရင်  သတ္တုတွင်းကဏ္ဍမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အများဆုံးဖြစ်တာကို တွေ့ရတယ်။ အဲဒါကြောင့် သတ္တုတွင်းကဏ္ဍ သတ္တုတွင်းဆိုင်ရာ ဥပဒေတွေထဲမှာ မပါတော့ဘဲနဲ့ ကျောက်မီးသွေးဆိုင်ရာ ဥပဒေနည်းဥပဒေတွေကို ရေးဆွဲပြီးတော့ သူများနိုင်ငံတွေမှာ လုပ်ဆောင်တယ်။ ကျွန်တော်တို့ နိုင်ငံံမှာကျတော့ ကျောက်မီးသွေးဟာလည်း တကယ်တမ်းပြောရင်တော့ နိုင်ငံတော်အစိုးရ လုပ်တာက ၁၉၅၅ ခုနှစ်လောက်ကစပြီးတော့ လုပ်တာအဲဒီကတည်းက လုပ်တာက၊ နောက်ပိုင်းကျတော့သိပ်လည်း မရှိတော့ဘူး။ နောက်တော့ ကျောက်မီးသွေးကို စွမ်းအင်တစ်ခုအဖြစ် ထုတ်တော့မယ်လို့ အခြားနေရာတွေမှာလည်း သုံးတော့မယ်ဆိုတော့ ကျောက်မီးသွေးလုပ်ငန်းတွေက ပြန်ပြီးတော့ ခေါင်းထောင်လာ တော့မယ်။ နောက်ပြီး မြန်မာပြည်မှာ အင်မတန်နည်းပါတယ်ဆိုတဲ့ ကျောက်မီးသွေးကို မရရအောင်ရှာကြံပြီး ထုတ်တယ်။ အဲဒီမှာ ကျောက်မီးသွေးမှာက အမျိုးအစား လေးမျိုးရှိတယ်။ မြန်မာနိုင်ငံမှာ ဆိုးတာက အခြားသော သယံဇာတတွေ ပေါတယ်ဆိုပေမယ့်လို့ ကျောက်မီးသွေးကျတော့ အညံ့ဆုံး အမျိုးအစားပဲထွက်တယ်။ ကျောက်မီးသွေးထုတ်ရင် အင်မတန်အန္တရာယ်များတဲ့အတွက် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သီးခြားဥပဒေနဲ့ ပြဋ္ဌာန်းပြီးတော့ ကန့်သတ်ထိန်းချုပ်တာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံကျတော့ ကျောက်မီးသွေးလုပ်ငန်းတွေ အရင်ကမလုပ်ခဲ့ မတွင်ကျယ်ခဲ့တဲ့အတွက် ဥပဒေမရှိဘူး၊ ဥပဒေမဲ့ လုပ်မယ်ဆိုရင် ဘယ်သူမှ ထိန်းချုပ်လို့မရဘူး။ လက်တွေ့ ကျွန်တော်တို့ ခံစားနေရတာဆိုရင် မန်းရွှေစက်တော်နားက ကျောက်မီးသွေးတွင်း တစ်တွင်းမှာဆိုရင် နိုင်ငံခြားသားတစ်ယောက် အပါအဝင် လူရှစ်ယောက်လောက် ကျောက်မီးသွေးတွင်းထဲ ပိတ်မိပြီးတော့ သေသွားခဲ့တယ်။ နောက်ပြီးတော့ စွန့်ပစ်ပစ္စည်းတွေကြောင့် စနစ်တကျမထားပဲနဲ့ ဟိုပစ်ဒီပစ်စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ လုပ်နေတဲ့အတွက်  သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်တယ်။ လူတွေကိုလည်းဒုက္ခပေးတယ် တိရစ္ဆာန်တွေကိုလည်း ဒုက္ခပေးတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ တီကျစ် ကျောက်မီးသွေးစက်ရုံမှာဆိုရင် စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ချောင်းတွေမြောင်းတွေထဲရောက်၊ အဲဒီချောင်းတွေ မြောင်းတွေထဲက ရေတွေကို ရေသွားချိုးတဲ့ ကလေးတွေ၊ အရေပြားရောဂါတွေဖြစ်တယ်။ သီးနှံတွေ အထွက်နှုန်းတွေ ဆုတ်ယုတ်သွားတယ်။ အရည်အသွေးတွေကျသွားတယ်။ ဒါက စိုက်ပျိုးရေးလုပ်ငန်းမှာ သီးနှံတွေပေါ်မှာ သက်ရောက်မှု၊ ဒီထက်ပိုဆိုးတာက နွားတွေက ကျောက်မီးသွေးအမှုန်တွေပါတဲ့ ရေတွေကို သွားသောက်မိတဲ့အခါကျတော့ ဗိုက်တွေ ဖောင်းပြီးသေတယ်။ နောက်ပြီး ကျောက်မီးသွေးမှုန်တွေ ပျံ့နှံ့နေတဲ့ လေကိုရှူမိတဲ့ ဝက်စတဲ့ တိရစ္ဆာန်တွေမှာ မူမမှန်တဲ့ အင်္ဂါမစုံတဲ့ ဝက်ကလေးတွေ မွေးလာတယ်။ သားပေါက်နှုန်းတွေ ကျသွားတယ်။ ကျောက်မီးသွေးမှာ အဆိုးဆုံးက သူ့ဆီကထွက်တဲ့  အမှုန်လေးတွေ အဲဒီအမှုန်လေးတွေက ဆံချည်မျှင်လေးတွေရဲ့ ၂၅ ပုံ တစ်ပုံလောက်ပဲ ရှိတယ်။ အဲဒါတွေက ပတ်ဝန်းကျင်မှာ အကုန်ပြန့်တော့ရေထဲကျတော့လည်း ရေသတ္တဝါတွေကို ဒုက္ခပေးတယ်။ ကုန်းပေါ်မှာ လေတိုက်လို့ လွင့်လည်း လမ်းမှာရှိတဲ့ ကုန်းနေသတ္တဝါတွေ အကုန်လုံးကိုလည်း ဒုက္ခပေးတယ်။ အဲဒီလိုမျိုး စည်းမရှိကမ်းမရှိ ဥပဒေမရှိတဲ့အတွက် ဘာမှတားလို့မရဘူး” ဟု သဘာဝပတ်ဝန်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် ဦးစိန်မြင့်က ပြောကြားသည်။

Most Read

Most Recent