နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး
Published 15 December 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စပရာမီလာပတ်တန်နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဒီဇင်ဘာ ၁၄ ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာ အမျိုးသမီးများ အခွင့်အရေးများကာကွယ်ရာတွင် ကုလသမဂ္ဂအနေဖြင့် နည်းပညာပိုင်းအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစည်းအဝေး၌ ရခိုင်ပြည်နယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအား မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ ထောက်ထားသက်ညှာမည် မဟုတ်ကြောင်းနှင့် တိကျခိုင်မာသော သက်သေအထောက်အထားရှိပါက ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၆ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby ကိုလည်း လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent