တောင်ဥက္ကလာပမြို့နယ်တွင် လမ်းလျှောက်နေသူတစ်ဦး၏ ဖုန်းနှင့်ငွေများကို လူသုံးဦးက လုယူထွက်ပြေးမှု ဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ်တွင် လမ်းလျှောက်နေသူတစ်ဦး၏ ဖုန်းနှင့်ငွေများကို လူသုံးဦးက လုယူထွက်ပြေးမှု ဖြစ်ပွား
Published 15 December 2017

တောင်ဥက္ကလာပမြို့နယ်တွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး၏ ဖုန်းနှင့် ငွေများအား လူသုံးဦးက လုယက်ထွက်ပြေးမှု ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ကို....(၂၄ နှစ်)သည် ဒီဇင်ဘာ ၁၃ ရက် ည ၁၀ နာရီခွဲခန့်က ၎င်း၏ သူငယ်ချင်း အမျိုးသမီးတစ်ဦးနှင့်အတူ တောင်ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက် မြင်သာ(၉)လမ်းဘက်မှ စက်ဘီးတွန်းပြီး လမ်းလျှောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့လမ်းလျှောက်လာစဉ် မြင်သာ (၆) လမ်းအရောက်၌ ၎င်းတို့မျက်နှာချင်းဆိုင်မှ လူသုံးဦးလမ်းလျှောက်လာပြီး ကို....ထံသို့ ရုတ်တရက် ဝင်ရောက်ကာ စက်ဘီးတွင် ချိတ်ထားသည့် ဖုန်းတစ်လုံးနှင့် ဖုန်းအိတ်အတွင်း ထည့်ထားသည့် ကျပ် ၁၀၀၀၀ ခန့်တို့အား လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

“ကျူးလွန်သူတွေကို လက်ရှိအချိန်ထိတော့ မမိသေးပါဘူး။ အခုရှာဖွေ ဖမ်းဆီးနေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့လုယက်ခံခဲ့ရသဖြင့် ကို......မှ သက်ဆိုင်ရာ တောင်ဥက္ကလာပမြို့မ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၁၁၃၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent