လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဝန်ဆောင်မှုကောင်းပေးနိုင်အောင် ဦးစွာဆောင်ရွက်ပြီးမှသာ မီတာခပြင်ဆင် သတ်မှတ်မည်ဟု အမြဲတမ်းအတွင်းဝန် ပြောကြား

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဝန်ဆောင်မှုကောင်းပေးနိုင်အောင် ဦးစွာဆောင်ရွက်ပြီးမှသာ မီတာခပြင်ဆင် သတ်မှတ်မည်ဟု အမြဲတမ်းအတွင်းဝန် ပြောကြား
Published 15 December 2017

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဝန်ဆောင်မှုကောင်းပေးနိုင်အောင် ဦးစွာဆောင်ရွက်ပြီးမှ မီတာခပြင်ဆင် သတ်မှတ်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သော လစဉ်သတင်းထုတ်ပြန်သည့် အခမ်းအနား၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီထက်ကောင်းအောင် ပေးနိုင်အောင် စွမ်းဆောင်ပြီးတော့မှပဲ ပြင်ဆင်ဖို့ ဆက်လုပ်မယ်။ အခုအချိန်မှာ လောလောဆယ် ကျွန်တော် ထင်တယ်။ မဖြစ်သေးပါဘူး။ ကျွန်တော်ပြောနိုင်တာ နောက်တစ်လအထိပေါ့နော်။ ဒီတစ်လအတွင်းတော့ မဖြစ်သေးပါဘူး” ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။

မီတာခနှုန်းထား ပြင်ဆင်သတ်မှတ်ခြင်းကို ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်နိုင်ခြင်းရှိ၊ မရှိ သတင်းထောက်တစ်ဦးက မေးမြန်းရာ၌လည်း လက်ရှိတွင် ပြောကြားနိုင်ခြင်း မရှိသေးကြောင်းသာ ၎င်းက ပြောကြားသည်။

“ကျွန်တော်ပြောနိုင်တာသည် ၂၀၁၇ ဒီဇင်ဘာအထိ မဖြစ်သေးဘူး။ ဆားဗစ်ကို ကောင်းအောင်လုပ်မယ်။ အခုမှ ရန်ကုန်မှာ တစ်နေရာပဲ ရှိသေးတယ်။ ကျန်တာတွေက နယ်ပေါင်းစုံ အကုန်လုံးမှာ ဆားဗစ်ကောင်းအောင် လုပ်ရမယ်။ ကြိုးတွေပြင်တာတွေ အကုန်ပေါ့နော်။ ကောင်းပြီဆိုမှ ထိုက်တန်တဲ့ ဈေးနှုန်းဖြစ်သင့်တယ်ပေါ့နော်” ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဆက်လက်ပြောကြားသည်။

မီတာခနှုန်းထား ပြင်ဆင်သတ်မှတ်ခြင်းကို ဆောင်ရွက်ရာတွင်လည်း အခြေခံလူတန်းစားများအား ထိခိုက်မှုမရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး သုံးစွဲမှုယူနစ်အပေါ် မူတည်၍ အလွှာအလိုက် ပြင်ဆင်သတ်မှတ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“မီးတစ်ပွင့်တည်းသုံးတဲ့သူကို တိုးပေးရင် တရားသလား။ ဒီမီးအပေါ်မှာ အကျိုးကျေးဇူးပြုပြီး ယူနေတဲ့သူကိုတိုးရင် ဒါဖြစ်သင့်တယ်။ ဒါတွေကို အများကြီးချင့်ချိန်ပြီးမှ ဆောင်ရွက်ရတာပါ။ ကျွန်တော်တို့ဆီမှာ အဲဒါတွေအားလုံးကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်နေပါတယ်။ ပြောနိုင်တာက ဆားဗစ်ကောင်းသည်ထက် ကောင်းအောင် ကျွန်တော်တို့ ကြိုးစားပြီးလုပ်နေတယ်။ လုပ်ပြီးတဲ့ အချိန်ကျရင် ဓာတ်အားခကို ပြင်ဆင်မယ်။ တိုးမှာမဟုတ်ဘူး။ ပြင်ဆင်မှာ။ ပြင်ဆင်တာကိုလည်း အလွှာလိုက်ပြင်ဆင်မယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent