လားရှိုးနှင့် သိန္နီကြားတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ယာဉ်ကိုတိုက်မိပြီး တစ်ဦးသေဆုံး

လားရှိုးနှင့် သိန္နီကြားတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ယာဉ်ကိုတိုက်မိပြီး တစ်ဦးသေဆုံး
Published 15 December 2017

လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် လားရှိုးနှင့် သိန္နီကြားရှိ ပိန်းနမ်းရွာအနီးတွင် ဒီဇင်ဘာ ၁၄ ရက် နံနက် ၈ နာရီက လားရှိုးဘက်မှ မောင်းနှင်လာသော 1C/---- Nissan (၁၂) ဘီး ယာဉ်တစ်စီးသည် ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှလာသော သီပေါမြို့နေသူ စိုင်းဆာမြတ် (၃၆ နှစ်) မောင်းနှင်လာသည့် 6B/---- (၁၂) ဘီးယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် 1C/---- ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ အသက်(၃၀ နှစ်) ခန့်ရှိ အမည်စုံစမ်းဆဲ အမျိုးသားတစ်ဦး ဝဲ/ယာ ဆီးခုံပေါက်ပြဲ၊ ဝဲနားထင်ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး စိုးမင်းထူး (၂၉ နှစ်)၊ နောင်ချိုမြို့နယ်နေသူသည် ဝဲနဖူးပေါက်ပြဲဒဏ်ရာ၊ ဦးစံလှ (၄၅နှစ်)၊ ဝဲခြေသလုံးဖူးရောင်၊ ခါးနာကျင်ဒဏ်ရာ၊ မျိုးထွန်း (၂၈ နှစ်)၊ မတ္တရာမြို့နေသူတွင် ဝဲပုခုံးနာကျင်၊ ဝမ်းဗိုက် ယာဘက်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် 1C/---- ယာဉ်နှင့် 6B/---- ယာဉ်နှစ်စီးလုံး ရှေ့ခေါင်းပိုင်း ကြေမွပျက်စီးခဲ့ပြီး 1C/---- ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းအား လားရှိုးနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၄၅/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/ ၃၃၇/၃၃၈/၃၀၄-က/၂၀၂ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent