မြိတ်ခရိုင်အတွင်း ဈေးနှုန်းသက်သာစွာ လျှပ်စစ်ဖြန့်ဖြူးနိုင်ရန် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြိုစူးစမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြု

မြိတ်ခရိုင်အတွင်း ဈေးနှုန်းသက်သာစွာ လျှပ်စစ်ဖြန့်ဖြူးနိုင်ရန် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြိုစူးစမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြု
Published 15 December 2017

မြိတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားသည့်ပုံစံတစ်ခုကို တွေ့ရစဉ်

မြိတ်ခရိုင်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် လျှပ်စစ်ဖြန့်ဖြူးနိုင်ရန်အတွက် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြိုစူးစမ်းလေ့လာမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုမှတ်တမ်း လက်မှတ်ရေးထိုးကာ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရသော မြိတ်ခရိုင်အတွင်း လျှပ်စစ်မီးဖြန့်ဝေမှု အစီအစဉ်နှင့် ပတ်သက်ပြီး အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီ (SEGEP) Southern Power Grid Company Limited (SPG) အနေဖြင့် ဆိုလာ၊ ရေအားနှင့် FO လောင်စာဆီများဖြင့် လျှပ်စစ်မီးပေးမည့် အစီအစဉ်ကို တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားခဲ့ကြောင်း သိရသည်။

ကနဦးအနေဖြင့် မြိတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီ်း FO လောင်စာ မဂ္ဂါဝပ် ၃၀ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း စီမံကိန်းကို BOT စနစ်ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်မည်ဖြစ်သောကြောင့် ဖြစ်မြောက်နိုင်စွမ်းရှိ မရှိ အကြိုစူးစမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု မှတ်တမ်းလက်မှတ် ရေးထိုးခြင်းကို ဒီဇင်ဘာ ၁၁ ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုအစိုးရက ခွင့်ပြုထားပြီးပါပြီ။ အခုတိုင်းဒေသကြီးအစိုးရက နားလည်မှု လက်မှတ်ထိုးပေးတာပါ။ တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြရဦးမှာပါ။ လျှပ်စစ်ဖြန့်ဖြူးဖို့အတွက်က ရေအား၊ ဆိုလာနှင့် FO ကို အသုံးပြုသွားပါ့မယ်။ မြိတ်ခရိုင်အတွင်းမှာ လက်ရှိပေးဆောင်နေရတဲ့ လျှပ်စစ်ဈေးနှုန်းထက် အနိမ့်ဆုံး ကျပ် ၉၀ အထိ သက်သာစေရပါ့မယ်။ FO နဲ့ စတင်ဆောင်ရွက်ဖို့ လောလောဆယ် ကျောက်ဖြူတောင်ကျေးရွာ၊ ရေမြက်ကြီးကျေးရွာနဲ့ တခြားရွာ တစ်ခုခုပေါ့၊ သုံးနေရာလောက် လျာထားပါတယ်။ ရေအားကိုလည်း ပလောက်ချောင်းအတွင်းက ထုတ်ယူနိုင်ဖို့ ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက် ရထားပြီးပါပြီ။ မြိတ်မှာ စက်ကြီးကိုးလုံးထိုင်ပြီး လျှပ်စစ်ဖြန့်ဖြူးမှာပါ။ မြိတ်မြို့နယ်အတွက်ဆိုရင် သုံးလုံးလောက် လည်ပတ်ရင် လုံလောက်ပါတယ်။ ကျန်တာက အနီးနားမြို့နယ်နဲ့ ကျေးရွာတွေ အတွက်ပါ။ မြိတ်မြို့မှာ လျှပ်စစ်မီးကြိုးတွေ ပြန်ပြင်ရမယ်။ အားလုံး ၅၄ မိုင်လောက်လျှပ် စစ်သွယ်တန်းကြိုးတွေကို ပြန်လည်ပြင်ဆင်ရဦးမှာပါ” ဟု အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီဌာန ကိုယ်စားလှယ် ဦးအေးဟန်က ပြောကြားသည်။

အဆိုပါ ကုမ္ပဏီမှာ မြိတ်ခရိုင်အတွင်း ရေအား၊ နေအား၊ FO ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀ ထုတ်လုပ်ဖြန့်ဖြူးရန် ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံခွင့်ကို MIC က ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“မြိတ်မှာ လျှပ်စစ်တစ်ယူနစ်ကို ၃၃၅ ကျပ် ပေးနေရတယ်။ အခုစီမံကိန်းက ကျပ် ၉၀ သက်သာမယ်ဆိုတော့ ၂၃၀ ကျော်နဲ့ ရမယ်။ ဒါကတော့ ပထမခြေလှမ်းပါပဲ။ တကယ်ဆောင်ရွက်ပေးမယ့် လုပ်ငန်းရှင်တွေ လိုအပ်ပါတယ်။ ထားဝယ်မှာ ကျပ် ၂၀၀ လောက်နဲ့ ရနေတယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ကျွန်တော်တို့ မြိတ်က ၃၃၅ ကျပ်နဲ့ သုံးစွဲနေရတယ် ဆိုတာကတော့ သိပ်မဟုတ်သေးပါဘူး။ လျှပ်စစ်ဈေးနှုန်း ကျဆင်းမယ်။ ကျောက်မီးသွေး မဟုတ်ရင်တော့ ကြိုဆိုပါတယ်” ဟု မြိတ်ဒေသခံတစ်ဦးက ပြောကြားသည်။

ပလောက်မြို့နယ်ခွဲ၊ ပလောက်ချောင်းမှ ရေအားလျှပ်စစ်ထုတ်ယူမည့် စီမံကိန်းတွင် ဒေါ်လာသန်း ၂၀၊ နေအား (ဆိုလာ) ဖြင့် လျှပ်စစ်ထုတ်ယူရာတွင် ဒေါ်လာ ၁၅ သန်း၊ FO ဖြင့် လျှပ်စစ်ထုတ်ယူရာတွင် ဒေါ်လာ ၂၅ သန်းအထိ ရင်းနှီးမြှုပ်နှံသွားရန် လျာထားပြီးမြို့အတွင်း ဓာတ်ကြိုးလိုင်းများလဲရန်အတွက် ဒေါ်လာလေးသန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ဇော်မိုးဦး (မြိတ်)

Most Read

Most Recent