ကျန်းမာရေးနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် စီးပွားရေးအပေါ် သက်ရောက်စေကြောင်း၊ အစားအစာအတွက် ကုန်ကျစရိတ်လျှော့ချခြင်း၊ အကြွေးများ ထပ်ယူခြင်းကဲ့သို့ ဖြေရှင်းမှုနည်းလမ်းများက မိသားစုရေရှည်ဖွံ့ဖြိုးရေးအတွက် ပြန်လည်နာလန်ထူနိုင်မှုအပေါ် ဆိုးကျိုးများသက်ရောက်နိုင်ဟု ဆို

ကျန်းမာရေးနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် စီးပွားရေးအပေါ် သက်ရောက်စေကြောင်း၊ အစားအစာအတွက် ကုန်ကျစရိတ်လျှော့ချခြင်း၊ အကြွေးများ ထပ်ယူခြင်းကဲ့သို့ ဖြေရှင်းမှုနည်းလမ်းများက မိသားစုရေရှည်ဖွံ့ဖြိုးရေးအတွက် ပြန်လည်နာလန်ထူနိုင်မှုအပေါ် ဆိုးကျိုးများသက်ရောက်နိုင်ဟု ဆို
Published 15 December 2017

ကျန်းမာရေးနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် အစီရင်ခံစာဒုတိယတွဲအရ သိရသည်။

အစားအစာအတွက် ကုန်ကျစရိတ် လျှော့ချခြင်း သို့မဟုတ် အကြွေးများထပ်ယူခြင်းကဲ့သို့သော ဖြေရှင်းမှုနည်းလမ်းများက မိသားစုများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်နာလန်ထူနိုင်မှုအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကျန်းမာရေးမကောင်းမှုကြောင့် တစ်နှစ်အတွင်း အလုပ်လုပ်နိုင်သော အလားအလာ ရှိသည့်နေ့များ၏ လေးရာခိုင်နှုန်းကို ဆုံးရှုံးမှုရှိနေပြီး နိုင်ငံထက်ဝက်ခန့်မှာ ထိုပြဿနာများနှင့် ရင်ဆိုင်နေရကြောင်းလည်း ခန့်မှန်းတွက်ချက်ထားသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ် ရှိသူဦးရေနည်းပါးပြီး မှီခိုသူ ဦးရေများပြားလေ့ရှိကြောင်း၊ ဝင်ငွေရှာပေးနိုင်သည့် မြေယာသို့မဟုတ် လယ်ယာသုံး ပစ္စည်းများကဲ့သို့သော အရင်းအမြစ်များမှာလည်း အနည်းငယ်သာရှိတတ်ကြောင်း၊  အလွန်အမင်း ဆင်းရဲနွမ်းပါးသူများသည် လယ်ယာလုပ်ငန်းတွင် ကျပန်းအလုပ်သမားများ သို့မဟုတ် မြေယာအနည်းငယ် ပိုင်ဆိုင်သူများအဖြစ် အချိုးမညီမျှစွာရှိနေပြီး ဝင်ငွေရသည့် အခြားနည်းလမ်းများမှာလည်း အနည်းငယ်သာရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘာ့ဘဏ်ပူးတွဲ အစီရင်ခံစာ ဒုတိယပိုင်းတွင် ခေတ်ကာလ အခြေအနေ အချိန်အခါနှင့်လျော်ညီသည့် အိမ်ထောင်စုများ၏ သုံးစွဲမှုပုံစံများကို ထည့်သွင်းတွက်ချက်ထားသည့် ဆင်းရဲနွမ်းပါးမှု တိုင်းတာသည့် နည်းလမ်းသစ်အကြံပြု ဖော်ပြချက်များအရ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်းရဲနွမ်းပါးနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၁၅ဒသမ၈ သန်း မှာ ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် နေထိုင်လျက်ရှိကြောင်း၊ ၁၃ ဒသမ ၈ သန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်နေပြီး နှစ်သန်းမှာ မြို့ပြများတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေနှင့်စပ်လျဉ်းသည့် အကြောင်းခြင်းရာများကို ပိုမိုနားလည်သဘောပေါက်လာသည်နှင့်အညီ ဆင်းရဲနွမ်းပါးလျှော့ချရေးနှင့် အလုံးစုံပါဝင်နိုင်သည့် ဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင်  ကမ္ဘာ့ဘဏ်အနေဖြင့် အကောင်းဆုံး ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၊ ဆင်းရဲနွမ်းပါးမှုအခြေအနေသို့ အလွယ်တကူ ကျရောက်နိုင်သည့် ပြည်သူအားလုံးအတွက် စီးပွားရေးတိုးတက်မှုနှင့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဆိုပါက မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက  ပြောကြားသည်။

Most Read

Most Recent