နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည့် မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် (၁၅) ကြိမ်မြောက် ရုံးထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည့် မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် (၁၅) ကြိမ်မြောက် ရုံးထုတ်
Published 14 December 2017

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည့် မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား ချမ်းမြသာစည်မြို့နယ်တရားရုံး၌် (၁၅) ကြိမ်မြောက်ရုံးထုတ်တွင် တွေ့ရစဉ်

အစိုးရအား ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာ နှင့် လူပုဂ္ဂိုလ်များအား နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားရာ ဒီဇင်ဘာ ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံး၌ (၁၅) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးက အငယ်တန်းစာရေး ဦးမောင်မောင်ညွန့်ကို စစ်တယ်။ ပြန်ခေါ်သက်သေအားလုံး စစ်ဆေးပြီးပါပြီ။ နောက်ရုံးချိန်းမှာ တရားခံတွေကို စစ်သွားပါမယ်” ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက အမှုနှင့်ပတ်သက်ပြီး မီဒီယာများအား ရှင်းလင်းပြောကြားသည်။

သံဃာတော်များကို စွဲဆိုထားသည့်အမှုကို စွဲချက်တင်အမိန့်ချခဲ့သော်လည်း လူပုဂ္ဂိုလ်များဖြစ်သည့် ကိုကျော်မျိုးရွှေအမှုတွင် တရားလို သက်သေများကိုသာ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ကိုကျော်မျိုးရွှေမှာ ၎င်းအား အချုပ်လွတ် ထုချေခွင့် အာမခံကို အထက်ရုံးသို့တင်ပြ လျှောက်ထားရာ လက်မခံဘဲ ပယ်ချခဲ့သောကြောင့် မူလမြို့နယ်တရားရုံးသို့ အမှုတွဲပြန်ရောက်မှသာ စစ်ဆေးခဲ့ရသောကြောင့် ယင်းအမှုမှာ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် ဘုရားကြီးအနောက်ဘက်မုခ်ရှိ သာသနာ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီးနှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဦးဆောင်သံဃာရှစ်ပါး (နှစ်ပါးမှာ ဖမ်းမိခြင်းမရှိသေး) အား ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ်စွဲဆိုခဲ့သလို ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးကိုလည်း မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အသီးသီး စွဲဆိုထားခြင်းဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ်စခန်း ဖြိုခွဲစဉ်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည် ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင်အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင် အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့် အဖွဲ့ဝင်မှ မဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီး မြို့နယ်)နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ၊ ငါးဆူ ကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိ ဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်သည်။

Most Read

Most Recent