TMH တယ်လီကွန်း ရှယ်ယာများ အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချမှုမှ ကျပ် ၁ ဒသမ ၆ ဘီလျံခန့် ရရှိရန် မျှော်မှန်းထားပြီး ရှယ်ယာတစ်စု ကျပ် ၅၃၀၀ အထိ တန်ကြေးရှိနိုင်ဟုဆို

TMH တယ်လီကွန်း ရှယ်ယာများ အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချမှုမှ ကျပ် ၁ ဒသမ ၆ ဘီလျံခန့် ရရှိရန် မျှော်မှန်းထားပြီး ရှယ်ယာတစ်စု ကျပ် ၅၃၀၀ အထိ တန်ကြေးရှိနိုင်ဟုဆို
Published 14 December 2017

TMH Telecom Public Co.,Ltd ၏ ရှယ်ယာများကို အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချမှုမှ ကျပ် ၁ ဒသမ ၆ ဘီလျံခန့် ရရှိရန် မျှော်မှန်းထားပြီး ရှယ်ယာတစ်စု ကျပ် ၅၃၀၀ အထိ တန်ကြေး ရှိလာနိုင်သည်ဟု ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ပြုလုပ်သည့် အစုရှယ်ယာများ ကမ်းလှမ်းခြင်းဆိုင်ရာ ကုမ္ပဏီမိတ်ဆက်ပွဲ၌ ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသီဟလွင်က ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းတင် ရောင်းချသည့် အများပိုင်ကုမ္ပဏီများမှာ ကြမ်းခင်းဈေး အောက်ဈေးနှုန်း ကျဆင်းမှုရှိနေချိန်တွင် အစုရှယ်ယာတစ်စု၏ Book Value မှာ ကျပ် ၁၀၀၀ သာ ရှိနေသော်လည်း ရှယ်ယာတစ်စုလျှင် ကျပ် ၃၀၀၀ နှင့် ၃၃၀၀ အကြားဖြင့် အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချရန် ပြင်ဆင်ခြင်းမှာ ဖြစ်နိုင်၊ မဖြစ်နိုင် မေးမြန်းရာတွင် ထိုဈေးနှုန်းဖြင့် ရောင်းချရန် စီစဉ်မှုအပေါ် မဖြစ်နိုင်ကြောင်း မေးခွန်းထုတ်မှုများ ရှိနေသော်လည်း TMH Telecom ၏ လုပ်ငန်းများအရ ကျပ် ၅၃၀၀ အထိပင် တန်ဖိုးမြင့်တက်လာမည်ဟု ဦးသီဟလွင်က တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

“သီလဝါ ရှယ်ယာတောင်တစ်စုမှ ကျပ် ၃၀၀၀ လောက်ပဲ ရှိတယ်။ TMH Telecom ရှယ်ယာရဲ့မူရင်းတန်ဖိုးက ၉၅၂ ကျပ်ပဲဆိုတော့ ၁၀၀၀ နဲ့ ဝယ်ရရင်တောင် ရှယ်ယာတစ်စုကို ၄၈ ကျပ် ရှုံးဦးမယ်” ဟု TMH Telecom ၏ အစုရှယ်ယာများ ကမ်းလှမ်းခြင်းဆိုင်ရာ ကုမ္ပဏီမိတ်ဆက်ပွဲ တက်ရောက်လာသည့် စတော့ အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောကြားသည်။

TMH Telecom Public Co.,Ltd ၏ ရှယ်ယာများကို အများပြည်သူသို့ ကနဦးအစု ရှယ်ယာများ ကမ်းလှမ်းရောင်းချနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) သို့ အလားအလာညွှန်းတမ်း တင်ပြရာ ကော်မရှင်မှ ကနဦး အတည်ပြုချက် ရရှိပြီဖြစ်ပြီး ရှယ်ယာတစ်စု ကျပ် ၃၃၀၀ ဝန်းကျင်ဖြင့် ရောင်းချမည်ဖြစ်ကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်လာမည်ဖြစ်ကြောင်း TMH Telecom ၏ အသိပေးချက်နှင့် အလားအလာ ညွှန်းတမ်းတွင် ဖော်ပြထားသည်။

TMH Telecom တွင် ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်အထိ အစုရှယ်ယာပေါင်း ၁၁ ဒသမ ၅ သန်းကျော် ရှိနေသော်လည်း အများပြည်သူသို့ ကနဦး အစုရှယ်ယာ ကမ်းလှမ်းရောင်းချရာတွင် အစုရှယ်ယာ ငါးသိန်းခန့် ရောင်းချမည်ဖြစ်ပြီး စတော့အိတ်ချိန်း စာရင်းဝင် ရှယ်ယာအဖြစ်မူ ၁၁ ဒသမ ၂ သန်းခန့် ရှိလာနိုင်မည်ဖြစ်သည်။ ကနဦးရောင်းချမည့် အစုရှယ်ယာ ငါးသိန်းခန့်ကို ကျပ် ၃၀၀၀ နှင့် ၃၃၀၀ အကြား ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှ ၂၂ ရက်အတွင်း ကြိုတင်ဝယ်ယူမည် ဆိုပါက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် အစုရှယ်ယာ ဝယ်ယူခွင့်ရရှိသူများစာရင်း ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုသို့လုပ်ငန်းစဉ်အလိုက် ရက်သတ်မှတ်ထားသော်လည်း အဆိုပါ သတ်မှတ်ရက်များမှာ အပြောင်းအလဲ ရှိနိုင်သည်။

၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် နှစ်ကြိမ်ဆက်အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမြင့်လွင် (ခ) ဦးဝမ်ကွယ်တာ၏ တာမိုးညဲ လုပ်ငန်းစုများအနက် ရန်ကုန်စတော့အိတ်ချိန်းသို့ စတင်ဝင်ရောက်လာသည့် TMH Telecom ဒါရိုက်တာအဖွဲ့ဝင်များ စာရင်းတွင် ဦးမြင့်လွင် ( ဥက္ကဋ္ဌ)၊ ဦးဒေးဗစ်အိုလီဗာအေဘယ်လ် (သီးခြားလွတ်လပ်သော ဒါရိုက်တာ)၊ ဦးသီဟလွင် (အုပ်ချုပ်မှုဒါရိုက်တာ)၊ ဦးကျော်စွာလွင် (အလုပ်အမှု ဆောင်ဒါရိုက်တာ)၊ ဒေါ်ခင်နှင်းလွင် ( ဒါရိုက်တာ)၊ ဒေါ်နန်းလဲ့ရည်စိုး (အလုပ်အမှုဆောင် ဒါရိုက်တာ)၊ ဒေါ်ဥမ္မာလွင် (ဒါရိုက်တာ)၊ ဒေါ်သူဇာ (အလုပ်အမှုဆောင်ဒါရိုက်တာ)၊ ဦးအောင်သန်း (သီးခြားလွတ်လပ်သော ဒါရိုက်တာ)၊ ဦးသိန်းဇော် (သီးခြားလွတ်လပ်သော ဒါရိုက်တာ)များက ဦးဆောင်မည်ဖြစ်သည်။

TMH Telecom တွင် ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်အထိ အစုရှယ်ယာ ၁၁၅၄၆၂၄၀ ရှိနေပြီး မ,တည် ငွေရင်းမှာ ကျပ် ၁၁ ဒသမ ၅ ဘီလျံကျော် (၁၁၅၄၆၂၄၀၀၀၀) ဖြစ်သည်။

Most Read

Most Recent