သံတွဲမြို့နယ်မှ လာရောက်သူများ မေယုဒေသတွင် အခြေချနေထိုင်ရန် မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာအနီးတွင် ကျေးရွာတည်ဆောက်မည်ဖြစ်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း ဆောက်လုပ်မည့်မြေနေရာကို ပန္နက်ရိုက်

သံတွဲမြို့နယ်မှ လာရောက်သူများ မေယုဒေသတွင် အခြေချနေထိုင်ရန် မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာအနီးတွင် ကျေးရွာတည်ဆောက်မည်ဖြစ်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း ဆောက်လုပ်မည့်မြေနေရာကို ပန္နက်ရိုက်
Published 14 December 2017

မေယုဒေသတွင် အခြေချရန် သံတွဲမြို့နယ်မှ လာရောက်သူများ နေထိုင်ရန် ကျေးရွာကို မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း ဆောက်လုပ်မည့်မြေနေရာကို ဒီဇင်ဘာ ၁၃ ရက် နံနက်က ပန္နက်ရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြောင်းရွှေ့လာသူများအား ကူညီပေးနေသည့် လူမှုကွန်ရက် (မောင်တော)မှ ဦးစိန်လှဖြူက“သံတွဲမြို့နယ် ဆင်ခေါင်းရွာက မေယုဒေသမှာ အခြေချဖို့ရောက်နေတဲ့သူတွေ နေဖို့အတွက် ကျေးရွာသစ်တစ်ရွာကို သင်္ဘောကွေ့ ကျေးရွာအနီးမှာ တည်ဆောက်သွားဖို့ရှိတယ်။ ဒီကနေ့ နံနက်က ဘုန်းကြီးကျောင်းဆောက်ဖို့ ပန္နက်ရိုက်အခမ်းအနား ကျင်းပကြပါတယ်။ အခမ်းအနားကို မောင်တော အောင်ဗလကျောင်း၊ မြို့မကျောင်း၊ ရွာသာယာကျောင်း၊ အင်းဒင် (ပဲရုံ) ကျောင်းက ဆရာတော်၊ သံဃာတော်တွေ တက်ရောက်ခဲ့ကြတယ်။ အင်းဒင်ကျေးရွာသား၊ ဆင်ခေါင်းကျေး ရွာသားစုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြတယ်။ ကျွန်တော်တို့ကတော့ ဒီကနေ့ မောင်တောက ရခိုင်အမျိုးသားပါတီ၊ အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီက လှူဒါန်းတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လာရောက်လှူဒါန်းပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သံတွဲမြို့နယ်မှ ဆင်ခေါင်းကျေးရွာသားများသည် ဒီဇင်ဘာ ၁၀ ရက်က မေယု ဒေသသို့ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိ ရောက်ရှိနေသော မိသားစု ၁၃ စု (လူဦးရေ  ၃၃ ဦး) သည် မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာ စာသင်ကျောင်းတွင် ယာယီ ခိုလှုံနေကြကာ  ဒီဇင်ဘာ ၁၂ ရက်က မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြောင်းရွှေ့လာသူများအတွက် လူမှုကွန်ရက် (မောင်တော) က ဦး ဆောင်၍ ခြင်ထောင်၊ အိုးခွက်၊ ပန်းကန်၊ ငါးပိ၊ ငါးခြောက်၊ မှန်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ခေါင်းဘီး၊ ပုဆိုး၊ အင်္ကျီ၊ စောင်၊ ထဘီ စသည့် အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးထားပြီး ၎င်းတို့အတွက် တစ်လစာရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

“အခု ဆင်ခေါင်းက ပြောင်းရွှေ့လာကြသူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အလုပ်အကိုင် ရှားပါးလို့ မိသားစုလိုက် ပြောင်းရွှေ့ပြီး သံတွဲမြို့နယ်ဘက်မှာ ရေလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေဖြစ်ပါတယ်။ အခုအခါ မေယုဒေသ ပြန်လည်ထူထောင်ရေးမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့အတွက် အခြေချနေထိုင် လုပ်ကိုင်စားသောက်ဖို့ လာရောက်သူတွေဖြစ်ပါတယ်။ သူတို့လာကြတဲ့အခါ ခရီးစရိတ်တွေကို မောင် တောအရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီက လှူဒါန်းပံ့ပိုးပေးပါတယ်။ နောက်ထပ်လည်း လာဖို့လူတွေရှိပါသေးတယ်” ဟု လူမှုကွန်ရက် (မောင်တော) မှ  ဦးစီန်လှဖြူက ပြောကြားသည်။

အလားတူ ဒီဇင်ဘာ ၉ ရက်က  မောင်တောတောင်ပိုင်း ကမ်းခြေဒေသသို့ သွားရောက်လုပ်ကိုင်နေထိုင်ရန် ရမ်းဗြဲမြို့နယ်နှင့်  မာန်အောင်မြို့နယ်မှ တတိယအသုတ်အဖြစ် ရောက်လာသူ ၁၈ ဦးကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးဦးကျော်လွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်နှင့် အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ကော်မတီအတွင်းရေးမှူး ဦးသန်းထွန်းတို့ က စစ်တွေ ရေချမ်းပြင် ဆိပ်ကမ်းအရောက် လိုက်လံ ပို့ဆောင်ခဲ့ကြသည်။

Most Read

Most Recent