ပြည်နယ်တိုင်း ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရာတွင် ရန်ကုန်တိုင်းလိပ်စာဖြင့် အပ်နှံပြီး စလစ်ထုတ်ယူမှုများ ရှိနေသဖြင့် ရန်ကုန်တိုင်းအတွင်းမှ အပ်နှံသည့် ယာဉ်ကိုသာ ရန်ကုန်ပါမစ် ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိ ဟုဆို

ပြည်နယ်တိုင်း ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရာတွင် ရန်ကုန်တိုင်းလိပ်စာဖြင့် အပ်နှံပြီး စလစ်ထုတ်ယူမှုများ ရှိနေသဖြင့် ရန်ကုန်တိုင်းအတွင်းမှ အပ်နှံသည့် ယာဉ်ကိုသာ ရန်ကုန်ပါမစ် ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိ ဟုဆို
Published 14 December 2017

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်အချို့ကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-  ကြည်နိုင်)

ပြည်နယ်တိုင်း ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရာတွင် ရန်ကုန်တိုင်း လိပ်စာဖြင့် အပ်နှံပြီး စလစ်ထုတ်ယူမှုများ ရှိနေသဖြင့် ရန်ကုန်တိုင်းအတွင်းမှ အပ်နှံသည့်ယာဉ်ကိုသာ ရန်ကုန်ပါမစ် ထုတ်ပေးရန် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၁၃ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၃) ရက်မြောက်နေ့တွင် ပြောကြားသည်။

အဆိုပါကိစ္စအား မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က နယ်အရည်ကျို ကားများအား ရန်ကုန်လိပ်စာဖြင့် စလစ်ထုတ်ပေးနေပါသောကြောင့် မလိုအပ်ဘဲ နယ်ကားများ ရန်ကုန်သို့ တရားမဝင် ဝင်ရောက်နေသည့် ကိစ္စအား စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ယခင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်အရ ၂၀၁၅ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း လိပ်စာပြောင်းလဲ လျှောက်ထားတဲ့ ကားပါကင် ထောက်ခံချက် ရရှိမှ ဆောင်ရွက်ပေးရန် အကြောင်းကြားလို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ လိပ်စာပြောင်းလဲ မော်တော်ယာဉ်များကို လိပ်စာပါနေရာတွင် ကားပါကင်ရှိကြောင်း၊ ထောက်ခံချက်နဲ့ နယ်ဝင်လက်ခံ ဆောင်ရွက်ပေးတာကို ဧပြီ ၁ ရက် ၂၀၁၆ ရက်စပြီး ရက်ဆိုင်းလိုက်ပါတယ်။ ယခု လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်မတို့ တခြားပြည်နယ်တိုင်း ယာဉ်အို၊ ယာဉ်ဟောင်းတွေ အပ်နှံတာကို ရန်ကုန်တိုင်း လိပ်စာဖြင့် စလစ်ထုတ်ယူနေတဲ့ အချို့သော ကိစ္စရပ်တွေ ရှိနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းကို ရရှိပြီးတဲ့ အချိန်ကစပြီး ကျွန်မတို့အနေနဲ့ စိစစ်ဆောင်ရွက်လျက် ရှိပါတယ်။ နောက် SKD နဲ့ ပြည်တွင်းထုတ်ယာဉ်များနဲ့ ပတ်သက်ပြီး သီးခြားကန့်သတ် ညှိနှိုင်းရန် ကျွန်မတို့ အနေနဲ့ ပြည်ထောင်စု ဝန်ကြီးဌာနနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။ သီးခြားကန့်သတ် ညှိနှိုင်းမှု အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့်မို့ ယခုလက်ရှိမှာတော့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံပြီး အစားထိုး တင်သွင်းတဲ့ ယာဉ်များအတွက် ရန်ကုန်တိုင်းမှ အပ်နှံတဲ့ ယာဉ်ကိုသာလျှင် ရန်ကုန်တိုင်းပါမစ် ထုတ်ပေးရန် အတွက် စတင်ပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒေါ်နီလာကျော်က ဆိုသည်။

“ကျွန်တော်တို့ ရန်ကုန်မှာ အရည်ကျိုတဲ့ကားနဲ့ မိတ္ထီလာကနေ အရည်ကျိုပြီးတော့ ရန်ကုန်တိုင်းလိပ်စာနဲ့ တင်သွင်းခွင့်စလစ် ရရှိထားတာတွေ ရှိပါတယ်။ ဒါက ဥပဒေက လွဲချော်နေတဲ့ အချက်အဖြစ် ကျွန်တော့်မှာ ခိုင်မာတဲ့ အချက်အလက်တွေ ရှိပါတယ်။ ဒီဖြစ်စဉ်တွေ အဆက်မပြတ် ဖြစ်ပေါ်နေပါက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အရည်ကျို စလစ်များဖြင့် တင်သွင်းလာသော ကားများသည် ရန်ကုန်တိုင်းက ကားတွေက သီလဝါမှာ အရည်ကျိုပြီးတော့ ကျန်ပြည်နယ်နဲ့ တိုင်းများသည် မြင်းခြံမှာ အရည်ကျိုရပါတယ်။ ဒီလိုနည်းနဲ့ ဝင်လာတဲ့ ကားတွေက ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ပိုဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ယာဉ် နံပါတ်အနက်တွေသာ မကပါဘူး။ Taxi များပါ ဒီလိုမျိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်” ဟု ဦးရန်အောင်က ပြောကြားသည်။

 

Most Read

Most Recent