<

၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးမတိုင်မီ UNFC အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံနိုင်ရန် ကြိုးစားနေ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး မတိုင်မီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား တွေ့ဆုံနိုင်ရန် ကြိုးစားသွားမည်ဟု အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုရေးနှင့် သုတေသနအသင်း (CDES) မှပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ် အပြီးတွင် ဦးအောင်စိုးက မီဒီယာများအား ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီကြားထဲတွေ့နိုင်အောင် ကြိုးစားသွားမှာပါ။ သူတို့ (တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့) လည်း သူတို့ဘက်က အစည်းအဝေးတွေ ရှိနေတယ်လို့သိရပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့လည်း အစီအစဉ် အတိုင်းအတာတစ်ခုထိရှိပါတယ်။ ဒါပေမဲ့ အစီအစဉ် ဘယ်လိုဆွဲထားတယ်ဆိုတာ အတိအကျမသိသေးပါဘူး” ဟု ဦးအောင်စိုးက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်၂၁ ဖွဲ့လုံး ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်လာနိုင်အောင် ကြိုးစားသွားမည်ဖြစ်ပြီး လာမည့် ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်နိုင်ရန်လည်း ကြိုးစားသွားမည်ဟု ဦးအောင်စိုးက ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်တွင် န၀မအကြိမ် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ပြီးမှ ရုတ်တရက် ဆွေးနွေးပွဲအား ရပ်ဆိုင်းခဲ့သည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ နောက်ဆုံးပတ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မြောက်ပိုင်း မဟာမိတ်ခုနစ်ဖွဲ့က ဖွဲ့စည်းထားသော FPNCC ကော်မတီတွင် ‘၀’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။

အဆိုပါ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များသည် NCA စာချုပ်အား လက်မခံဘဲ NCA စာချုပ်နှင့် အလားတူ အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်စောင်အား အစိုးရထံပေးပို့ထားပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးရာတွင် FPNCC ကော်မတီအနေဖြင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း အစိုးရဘက်က ယင်းကော်မတီအား အသိအမှတ်မပြုပေ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ပါဝင်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) သည် UNFC မှ နုတ်ထွက်ခွင့်တောင်းခံထားသော်လည်း တရားဝင်နုတ်ထွက်ခွင့် မပြုသေးဘဲ UNFC ၏ဆွေးနွေးပွဲအချို့တွင်လည်း SSPP/SSA ကိုယ်စားလှယ်များအား တွေ့ရသည်။

UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် NLD အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးနေသည်မှာ ၁၇ လ ကျော်ကြာပြီဖြစ်သည်။

December 13, 2017














Copy Protected by Chetan's WP-Copyprotect.