Inter Nations Network က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ပြည်ပမှ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်သူများသည် လုံလောက်သည်ထက် ပိုမိုသည့်ဝင်ငွေများ ရရှိနေကြောင်း သိရ

Inter Nations Network က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ပြည်ပမှ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်သူများသည် လုံလောက်သည်ထက် ပိုမိုသည့်ဝင်ငွေများ ရရှိနေကြောင်း သိရ
Published 14 December 2017

ပြည်ပမှ မြန်မာနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူများသည် လုံလောက်သည်ထက် ပိုမိုသောဝင်ငွေများ ရရှိနေကြောင်း Inter Nations Network က  ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Expat Insider 2017 ဟု အမည်ပေးထားသည့် အဆိုပါ အစီရင်ခံစာသည် ပြည်ပ အလုပ်သမားများ အများဆုံး သွားရောက်အ လုပ်လုပ်ကိုင်ရာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၆၅ နိုင်ငံမှ ပြည်ပမှ လာရောက် အလုပ်လုပ်ကိုင်သူများ၏ သဘောထားများကို မေးမြန်းမှုအပေါ် အခြေခံထားကြောင်း သိရသည်။

နိုင်ငံ ၆၅ နိုင်ငံမှ ပြည်ပအလုပ်သမား အနည်းဆုံး ၇၅ ဦး၏ သဘောထားကို ကောက်ယူထားသည့် တစ်ဦးချင်းဝင်ငွေတွင် မြန်မာနိုင်ငံရှိ ပြည်ပလုပ်သားများသည် ဗီယက်နမ် နှင့် ကိုလံဘီယာပြီးလျှင် နံပါတ် (၃) နေရာတွင်ရှိနေကြောင်း သိရသည်။

တစ်ဦးချင်းဝင်ငွေ အဆင့်သတ်မှတ် ချက်သည် မေးခွန်းနှစ်ခုတွင် အခြေခံထား ခြင်းဖြစ်ပြီး ဖြေကြားသူများသည် ၎င်းတို့၏ ဝင်ငွေအခြေအနေကို မည်မျှကျေနပ်မှုရှိသလဲ ဆိုခြင်းနှင့် ဝင်ငွေသည် ကုန်ကျစရိတ်များကို ကာမိခြင်း ရှိ မရှိ ဆိုခြင်းဖြစ်ကြောင်း သိရသည်။

ဖြေကြားခဲ့သူများထဲတွင် မြန်မာနိုင်ငံမှ ဖြေကြားသူ ၆၇ ရာခိုင်နှုန်းသည် ကုန်ကျစရိတ်ကို ကာမိသည့်အပြင် ပိုတောင်ပိုသေးကြောင်း ဖြေကြားခဲ့ပြီး အဆိုပါရာခိုင်နှုန်းသည် သဘောထားကောက်ယူသည့်နိုင်ငံများထဲတွင် အများဆုံးဖြစ်ကြောင်း သိရသည်။

အသေးစိတ်စာရင်းအရ မြန်မာနိုင်ငံမှ ဖြေကြားသူ ၃၈ ရာခိုင်နှုန်းက ၎င်းတို့ ရရှိသည့် လစာသည် ကုန်ကျစရိတ်ကို ကာမိသည့်အပြင် အများကြီးပိုလျှံကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံမှဖြေကြားသူ ၇၅ ရာခိုင်နှုန်းက ၎င်းတို့၏ငွေကြေး အခြေအနေကို ကျေနပ်ပျော်ရွှင်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါရလဒ် ထွက်ပေါ်လာခြင်းသည် မြန်မာနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူများသည် စီမံခန့်ခွဲရေးပိုင်း၌ လုပ်ကိုင်မှုသည် သုံးပုံတစ်ပုံခန့် ရှိခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့သည် ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အများဆုံးနိုင်ငံ ၄၀ အနက် ပါဝင်သော်လည်း ပြည်ပမှ လာရောက်အလုပ်လုပ်ကိုင်သူအများစုသည် ဖောဖောသီသီ သုံးစွဲနိုင်သည့်အပြင် ပိုမိုသောဝင်ငွေများကို ရရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

သို့ရာတွင် လူနေမှုအဆင့်အတန်း၊ အခြေချနေထိုင်ရန် အဆင်ပြေမှု၊ အလုပ်လုပ်ကိုင်မှု အခြေအနေနှင့် မိသားစုဘဝဆိုသည့် တိုင်းတာမှုအခြေအနေလေးခု အားလုံးပေါင်းတွင်မူ မြန်မာနိုင်ငံ၏ရပ်တည်မှုသည် အောက်ဆုံးနားအဆင့်ဖြစ်သော အဆင့် (၄၈) သာရရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် အလုပ်လုပ်ကိုင်မှု အဆင်ပြေမှုရှိခြင်းတွင် အဆင့် (၆) နှင့် ဖော်ရွေပျူငှာမှုရှိခြင်းများတွင် အဆင့် (၁၂) ရရှိခဲ့ကြောင်း Inter Nations Network က  ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Recent