ဧရာဝတီတိုင်းအတွင်း လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆောက်အအုံ၊ လမ်းတံတားများ တည်ဆောက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်ဝစေရန် အရည်အသွေး စစ်ဆေးရေးအဖွဲ့များဖွဲ့ရေး အဆိုတင်သွင်း

ဧရာဝတီတိုင်းအတွင်း လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆောက်အအုံ၊ လမ်းတံတားများ တည်ဆောက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်ဝစေရန် အရည်အသွေး စစ်ဆေးရေးအဖွဲ့များဖွဲ့ရေး အဆိုတင်သွင်း
Published 14 December 2017

ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆောက်အအုံ၊ လမ်းတံတားများ တည်ဆောက်ရာတွင် အရည်အသွေး စံချိန်စံညွှန်း ပြည့်ဝစေရန်နှင့် နိုင်ငံတော်ဘဏ္ဍာများအား မှန်ကန်စွာ အကျိုးရှိစွာ သုံးစွဲနိုင်စေရေးအတွက် စံချိန်စံညွှန်းပြည့်ဝသော လမ်းတံတားများ ပေါ်ပေါက်စေရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသော အရည်အသွေးစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီခြင်းမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုအား ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

သာပေါင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက အဆိုအား လွှတ်တော်သို့ တင်သွင်းရာတွင် “လမ်းဦးစီးဌာနအနေဖြင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းထားသည်ဟု ဆိုသော်လည်း ၎င်းစစ်ဆေးရေးအဖွဲ့များသည် မည်သည့်အချိန်တွင် မည်သို့သော အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်ကို ကျွန်မတို့ ကိုယ်စားလှယ်များအနေဖြင့် သိရှိရခြင်းမရှိပါ။ ကွင်းဆင်းစစ်ဆေးခဲ့သည့် မှတ်တမ်းများကိုလည်း ပြသခြင်းမရှိပါ။ အမည်သက်သက်စာရွက်ပေါ်တွင် ရေးသားထားသော အရည်အသွေး စစ်ဆေးရေးအဖွဲ့၏ ယခုကဲ့သို့ ဆောင်ရွက်ပုံကိုကြည့်လျှင် လမ်းတံတားများ ဆောက်လုပ်တည်ဆောက်သည့်အခါ မူလတင်ဒါအောင်စဉ်က လက်ခံခဲ့သည့် ကျောက်အရည်အသွေးတိုင်း လာရောက်ချထားပေးခြင်းရှိမရှိနှင့် ကျင်းအရည်အတွက် ပြည့်မီခြင်း ရှိမရှိတို့ကို မည်သူမျှ သိရှိနိုင်မည်မဟုတ်ပေ၊ ဆိုလိုသည်မှာ တင်ဒါခေါ်ယူရာတွင် ဝင်ပြိုင်သော ကျောက်လုပ်ငန်းရှင်တစ်ဦးသည် မိမိတင်ဒါရရှိရေးအတွက် အရည်အသွေးကောင်းသော နမူနာကျောက်ပုံစံဖြင့်သာ ဝင်ပြိုင်မည် ဖြစ်သည်။ တင်ဒါအောင်မြင်ပြီးသည့် နောက်ပိုင်းအမှန်တကယ် ပေးသွင်းသည့် ကျောက်အရည်အသွေးသည် မူလတင်ဒါ အောင်မြင်စဉ်က ကျောက်အရည်အသွေးအတိုင်း ပေးသွင်းခြင်း ဟုတ်မဟုတ်နှင့် ကျောက်ကျင်းအရေအတွက် ပြည့်မီခြင်း ရှိ မရှိတို့ကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးသည့် အဖွဲ့အစည်းမရှိဘဲ မည်သို့မျှ သိရှိနိုင်မည် မဟုတ်ပေ၊ သို့ပါသောကြောင့် အမှန်တကယ် သမာသမတ်ကျသော အရည်အသွေး စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းရန်လိုအပ်နေပါသည်” ဟု ထည့်သွင်းပြောကြားသည်။

အဆိုပါ အဆိုနှင့်ပက်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှလည်း ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုနှင့် ပက်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ယင်းအဆိုမှာ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်သည့် အဆိုတစ်ခုဖြစ်ကြောင်း ထောက်ခံခဲ့သည်။

ဧရာဝတိုင်းဒေသကြီးအတွင်း လမ်းတံတားများ တည်ဆောက်ရေးအတွက် လမ်းခင်းကျောက်များကို တင်ဒါပေးရာတွင် တင်ဒါအောင်မြင်သူများမှ သတ်မှတ်ထားသော ကျောက်အရည်အသွေးနှင့် ကျောက်ကျင်းအရည်အတွက်အတိုင်း အပြည့်အ၀ လုပ်ဆောင်ပေးခြင်းမရှိဟုဆိုကာ မကြာခဏ တိုင်ကြားမှုများလည်း ရှိနေကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

Most Read

Most Recent