ဒုတိယအကြိမ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၌ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်း လွှတ်တော်လုပ်ငန်းဆောင်ရွက်မှု အခြားတိုင်းနှင့် ပြည်နယ် ကိုယ်စားလှယ်များထက်သာလွန်ကြောင်း OMI သုံးသပ်

ဒုတိယအကြိမ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၌ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်း လွှတ်တော်လုပ်ငန်းဆောင်ရွက်မှု အခြားတိုင်းနှင့် ပြည်နယ် ကိုယ်စားလှယ်များထက်သာလွန်ကြောင်း OMI သုံးသပ်
Published 14 December 2017

မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပနေသည်ကို တွေ့စဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

ဒုတိယအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်း လွှတ်တော်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များထက် သာလွန်ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်အစည်းအဝေး သုံးသပ်ချက်စာစောင်တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့ထက် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ပိုမိုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များထက် လွှတ်တော်လုပ်ငန်းများ ပိုမိုများပြားစွာ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ လွှတ်တော်ကိုယ်စားလှယ် အများဆုံးရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များမှ ကိုယ်စားလှယ်များ၏ တစ်ဦးချင်း လုပ်ငန်းဆောင်ရွက်မှု နည်းပါးခဲ့သည်ကို တွေ့ရကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ပါတီအလိုက် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်မှုတွင်လည်း လွှတ်တော်ကိုယ်စားလှယ်အများဆုံးရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ အများဆုံးဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအလိုက် ပျမ်းမျှ လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်မှုတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KDP) နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုမှာ ပိုမိုမြင့်မားခဲ့သည်ကို တွေ့ရကြောင်း သုံးသပ်ချက်စာစောင်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ယခင်လွှတ်တော် ပုံမှန်အစည်းအဝေးများကဲ့သု့ိပင် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်အားဖြင့် နည်းပါးသည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားများထက် တစ်ဦးချင်း ပျမ်းမျှဆောင်ရွက်မှု အနည်းငယ် ပိုမိုမြင့်မားခဲ့သည်ကိုတွေ့ရကြောင်း ဖော်ပြပါရှိသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ ဆဋ္ဌမပုံမှန်အစည်းအဝေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ နိုဝင်ဘာ ၂၄ ရက် အထိပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်နှစ်ရပ်လုံးတွင် အစည်းအဝေး ကျင်းပရက်ပေါင်း ၁၆ ရက်စီနှင့် ပြည်ထောင်စုလွှတ်တော်တွင် အစည်းအဝေး ကျင်းပရက် ၁၂ ရက်ကြာ ပြုလုပ်ခဲ့သည်။

ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ၁၁ ခု အတည်ပြုခဲ့ပြီး အဆိုကိုးခု ဆွေးနွေးကာ ငါးခုကို အတည်ပြုနိုင်ခဲ့ကြောင်းနှင့် မေးခွန်းမေးမြန်းမှုအနေဖြင့်လည်း လွှတ်တော်နှစ်ရပ်ပေါင်း ၁၅၆ ခု မေးမြန်းနိုင်သည်ကို တွေ့ရကြောင်း OMI ၏ သုံးသပ်ချက်စာစောင်တွင် ဖော်ပြချက်အရ သိရသည်။

ယခု ထုတ်ဝေသည့်စာစောင်တွင် လွှတ်တော်အစည်းအဝေးတစ်ရပ်နှင့် ပတ်သက်သည့် အခြေခံကျသော အချက်အလက်များကို လေ့လာသုံးသပ်တင်ပြထားကာ ပွင့်လင်း မြန်မာ့ရှေ့ဆောင်မှ ပုံမှန်ထုတ်ဝေမြဲဖြစ်သော ကိန်းဂဏန်းအခြေပြု အစီရင်ခံစာများအနက် တစ်စောင်ဖြစ်ပြီး လွှတ်တော်အစည်းအဝေး တစ်ကြိမ်စီအလိုက် အချက်အလက်များကို အစီရင်ခံတင်ပြထားသည့် အစီရင်ခံစာငယ် တစ်စောင်ဖြစ်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ လွှတ်တော်စောင့်ကြည့်ရေးလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ လွှတ်တော်များသည် နိုင်ငံသားများမှ ရွေးကောက်တင်မြှောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ နိုင်ငံသားများ၏လွှတ်တော်လုပ်ငန်းစဉ်များအပေါ် စိတ်ပါဝင်စားမှု၊ သိရှိနားလည်မှုမှ တစ်ဆင့် ခိုင်မာသည့် အုပ်ချုပ်ပုံစနစ်တစ်ရပ် ကို ဖော်ဆောင်နိုင်ရန်ဖြစ်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လွှတ်တော် လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ လွှတ်တော်ဆိုင်ရာ အချက်အလက်များ၊ အသိအမြင်များကို စာတမ်းများ၊ သုံးသပ်ချက်များအကြံပြုချက်၊ အစီရင်ခံစာများဖြင့် ဖြန့်ဝေလျက်ရှိသည်။

Most Read

Most Recent