သာပေါင်းမြို့နယ် သပြုဆင်စခန်းအနီးရှိ ဘောမိချောင်းကမ်းစပ်တွင် တောဆင်ရိုင်း အမတစ်ကောင် သေဆုံးလျက်တွေ့ရှိ

သာပေါင်းမြို့နယ် သပြုဆင်စခန်းအနီးရှိ ဘောမိချောင်းကမ်းစပ်တွင် တောဆင်ရိုင်း အမတစ်ကောင် သေဆုံးလျက်တွေ့ရှိ
Published 14 December 2017

ဘောမိချောင်း ကမ်းစပ်တွင် တောဆင်ရိုင်း အမတစ်ကောင် သေဆုံးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)

ဧရာဝတီတိုင်း ဒေသကြီးသာပေါင်းမြို့နယ် ပျဉ်မထုံးကျေးရွာအုပ်စု သပြုဆင်စခန်း အနီးရှိ ဘောမိချောင်း ကမ်းစပ်တွင် တောဆင်ရိုင်း အမတစ်ကောင် သေဆုံးနေသည်ကို  ဒီဇင်ဘာ ၁၂ ရက်က တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါသေဆုံးနေသည့် တောဆင်ရိုင်း အမတစ်ကောင်မှာ သက်တမ်း ၃၅ နှစ်ခန့်ဖြစ်ပြီး အစွယ်လုံးပတ် ၄ ဒသမ ၅ လက်မ၊ အလျား ငါးလက်မ၊ ခန္ဓာကိုယ်လုံးပတ် ကိုးပေ ၁၀ လက်မ၊ အမြင့် ခြောက်ပေ ရှစ်လက်မခန့် ရှိပြီး ရှေ့ခြေသည်းငါးခု၊ နောက်ခြေသည်း လေးခုပါရှိကာ အမြီး လေးပေကျော်ဖြစ် ကြောင်း၊ ဘောမိချောင်း ကမ်းစပ်တွင် အနောက်မြောက်သို့ ဦးတည်လျက် ပုဆစ်တုပ် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သာပေါင်းမြို့မရဲစခန်းမှ သိရသည်။

“သတင်းပေးချက်အရ သစ်တောဦးစီးဌာနက ဦးစီးဘိနယ်တာဝန်ခံတောအုပ် မြန်မာ့သစ်လုပ်ငန်းက ဆင်ဆရာဝန်ရယ်နဲ့ ပူးပေါင်းပြီး သွားရောက်ခဲ့တာမှာ တောဆင်ရိုင်း အမတစ်ကောင် သေနေတာကို တွေခဲ့တာပါ” ဟု သာပေါင်းမြို့မစခန်း တာဝန်ရှိသူထံက သိရသည်။

အဆိုပါ တောဆင်ရိုင်းအမ သေဆုံးရခြင်းမှာ ဘယ်ဘက်လက်လယ်ဂုတ် (မင်းထိုင်) အနီးနှင့် ညာနားရွက်တို့တွင် လွန်ခဲ့သော သုံးလခန့်က ရရှိထားသည်ဟု ယူဆရသည် ဒဏ်ရာများကြောင့် ရောဂါပိုးများ ဝင်ရောက်ကာ အင်အားချည့်နဲ့ပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြန်မာသစ်ထုတ်လုပ်ငန်းမှ ဒေါက်တာမျိုးမင်းဦးက စစ်ဆေးတွေ့ရှိခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်တွင် သေဆုံးနေသည့် တောဆင်ရိုင်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဆင်စွယ်အား သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားကြောင်း သာပေါင်းမြို့မရဲစခန်းမှ သိရသည်။

 

Most Read

Most Recent