ရန်ကုန်တိုင်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ၁၂၄ သန်းမှ အဆောက်အအုံများ ဘေးအန္တရာယ်လျှော့ချရေးနှင့် လမ်းတံတားလုပ်ငန်းများတွင် သုံးစွဲမည့်ငွေများကို ပယ်ဖျက်ပြီး ရေကြီးရေလျှံမှု အန္တရာယ်စီမံခန့်ခွဲမှုအတွက် ပိုမိုသုံးစွဲပေးရန် လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ရန်ကုန်တိုင်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ၁၂၄ သန်းမှ အဆောက်အအုံများ ဘေးအန္တရာယ်လျှော့ချရေးနှင့် လမ်းတံတားလုပ်ငန်းများတွင် သုံးစွဲမည့်ငွေများကို ပယ်ဖျက်ပြီး ရေကြီးရေလျှံမှု အန္တရာယ်စီမံခန့်ခွဲမှုအတွက် ပိုမိုသုံးစွဲပေးရန် လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
Published 14 December 2017

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ ကျင်းပနေသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းအတွင်း ကမ္ဘာ့ဘဏ်ချေးငွေ ၁၂၄ သန်းတွင် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးအန္တရာယ်လျှော့ချရေးနှင့် လမ်းတံတား လုပ်ငန်းဆောင်ရွက်ရန်ငွေများကို ပယ်ဖျက်ပြီး ပြည်သူများ အမှန်တကယ် လိုအပ်သည့် ရေကြီးရေလျှံမှုအန္တရာယ် စီမံခန့်ခွဲမှုတွင် ပိုမိုသုံးစွဲပေးရန် ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလအတွက် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အရှေ့တောင်အာရှ သဘာဝဘေး အန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ သက်သာမှုရှိတဲ့ ချေးငွေ ၁၂၄ သန်းခန့်ကို ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်မှာ စတင်ပါဝင်လာတဲ့အတွက် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ပိုမိုဘေးကင်းလုံခြုံမှုရှိစေရန်ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို အပိုင်းငါးပိုင်းခွဲခြားထားတာ တွေ့ရပါတယ်။ အပိုင်း (၁) မှာကတော့ အရှေ့တောင်အာရှ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ အာမခံရန်ပုံငွေထူ ထောင်မယ့်နေရာမှာ ပါဝင်ဆောင်ရွက်ခြင်း၊ အပိုင်း (၂) ကတော့ မြို့ပြရေကြီးရေလျှံမှု အန္တရာယ်အား စီမံခန့်ခွဲခြင်း၊ အပိုင်း (၃) ကတော့ အများပြည်သူ ဝန်ဆောင်မှု အဆောက်အအုံများ ပိုမိုဘေးကင်းလုံခြုံမှုရှိရန် ဆောင်ရွက်ခြင်း၊ အပိုင်း (၄) ကတော့ အသိပညာပေးခြင်းနှင့် စီမံကိန်းစီမံခန့်ခွဲခြင်း၊ အပိုင်း (၅) ကတော့ အရေးပေါ်တုံ့ပြန်ခြင်းတို့ ဖြစ်ပါတယ်။ ယခု ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်မှာ ပါလာတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်မယ့် အပိုင်း (၂) မှာ အမေရိကန်ဒေါ်လာ ၇၇ သန်း သုံးစွဲပြီးတော့ စည်ပင်သာယာ နယ်နမိတ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတကာ အဆင့်မီဆောင်ရွက်ဖို့ ကမ္ဘာ့ဘဏ်က ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ သို့သော် စတင်ဆောင်ရွက်သင့်တဲ့ အပိုင်း (၂) ကို ဘတ်ဂျက် ထုတ်ယူသုံးစွဲမှုမပြုဘဲ အပိုင်း (၃) ကို အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးကင်းလုံခြုံရေးနဲ့ မွမ်းမံခြင်းအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း မြန်မာငွေအားဖြင့် ၂၅၀ ဒသမ ၈၅၆ သန်းကို ဘာကြောင့်စတင်ဆောင်ရွက်ရသလဲဆိုတာကို မေးစရာရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်တွေက ပြောင်းလဲမှုလုပ်လို့မရဘူးဆိုတာ သိပါတယ်။ ဒီချေးငွေက အတိုးမဲ့ သက်သာတဲ့ ချေးငွေဖြစ်ပေမဲ့ ရေပေးဝေမှု တိုးမြှင့်ရေးစီမံကိန်းမှ ရငွေတွေနဲ့ ၃၈ နှစ် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ပြည်သူအမှန်တကယ် အသုံးဝင်မယ့် လုပ်ငန်းတွေကိုသာ ကမ္ဘာ့ဘဏ်ကို Proposal တင်ကတည်းကိုက တင်သင့်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်၏ ပြဋ္ဌာန်းချက် အပိုင်း (၃) တွင် ပထမဦးစားပေးအဖြစ် ဂျိုးဖြူရေလှောင်တမံ၏ အဆောက်အအုံပြုပြင် မွမ်းမံခြင်း၊ ဒုတိယဦးစားပေးအဖြစ် ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံပြုပြင်ခြင်း၊ တတိယဦးစားပေးအနေဖြင့် မရမ်းကုန်းမြို့နယ်ရှိ ရေတွန်းစက်ရုံပြုပြင်မွမ်းမံခြင်း၊ စတုတ္ထ ဦးစားပေးတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ပဉ္စမဦးစားပေးတွင် သိမ်ကြီးဈေး (A) ရုံနှင့် (B) ရုံပြုပြင်ခြင်းစသည့် အများပြည်သူနှင့် သက်ဆိုင်သော အခြေခံအဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်းဟု ဖော်ပြထားကြောင်း၊ ထို့ကြောင့် လက်ရှိတွင် ဂျိုးဖြူရေလှောင်ကန်လောက် အရေးမကြီးသည့် ဗိုလ်ချုပ်အောင်ဆန်း ဈေးပြင်ဆင်ခြင်းနှင့် သိမ်ကြီးဈေးပြင်ဆင်ခြင်းများကို သဘောမတူနိုင်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး အသေးစား၊ အကြီးစား ပြင်ဆင်မှုများကို နှစ်စဉ်ဘတ်ဂျက်များတွင်လည်း တောင်းခံနေကြောင်း၊ ယခုဘတ်ဂျက်တွင်လည်း အဆိုပါဈေးရုံကြီးများ ပြင်ဆင်ရန် ကျပ်သန်း ၁၄၀ တောင်းခံထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အပိုင်း (၂) နှင့် အပိုင်း (၃) တွင် ပါဝင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုအောက်တွင် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရန် ပါရှိခြင်းမရှိကြောင်း၊ အများပြည်သူ ဝန်ဆောင်မှုအဆောက်အအုံများ ဘေးအန္တရာယ်လျှော့ချရေး စီမံကိန်းတွင်ပါဝင်သည့် ဘတ်ဂျက်များကို သဘောမတူနိုင်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ကျွန်မတင်ပြလိုတာကတော့ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်မှာ တောင်းခံထားတဲ့ အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးအန္တရာယ်လျှော့ချရေးအတွက် တောင်းခံထားတဲ့ ကျပ်သန်း ၂၅၀ ဒသမ ၈၅၆ သန်းနဲ့ လမ်းတံတားလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၂၄၈ ဒသမ ၄၀ ကျပ်သန်းအား သဘောမတူပါသဖြင့် ၎င်းလုပ်ငန်းများပယ်ဖျက်ပေးရန်နှင့် ကမ္ဘာ့ဘဏ်မှ ပြဋ္ဌာန်းထားတဲ့ မြို့ပြရေကြီးရေလျှံမှု အန္တရာယ်များစီမံခန့်ခွဲမှု အပိုင်းမှာပါဝင်တဲ့ ရေမြောင်းစနစ်နှင့် မြစ်ထွက်ပေါက်များအကြားမှာ ထပ်မံလိုအပ်လာနိုင်သော မြေအောက်မြောင်းများ၊ ရေသိုလှောင်နိုင်သော နေရာများ လိုအပ်သောအရွယ်အစားရှိတဲ့ ခေတ်မီမြစ်ထွက်ပေါက်ရေတံခါးများ တည်ဆောက်ခြင်း၊ မြစ်ထွက်ပေါက်များတွင် အလိုအလျောက် ရေထိန်းတံခါးများ၊ စွမ်းအားမြင့် ရေစုပ်ထုတ်စက်များ၊ အမှိုက်စစ်ဆန်ခါများ၊ အရန်မီးစက်များပါဝင်မယ့် စနစ်တစ်ခုလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတကာအဆင့်မှီ အလိုအလျှောက် စောင့်ကြည့် ထိန်းချုပ်စနစ်များ တပ်ဆင်အသုံးပြုခြင်းတို့ကိုသာ ယခုနှစ်ခြောက်လဘတ်ဂျက်မှာ စတင်လျာထားဆောင်ရွက်ပေးရန် တင်ပြအပ်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

Most Read

Most Recent