ဒီးမော့ဆိုမြိုနယ်တွင် နဝမတန်းကျောင်းသူတစ်ဦးအား အိမ်ပြန်လိုက်ပို့မည်ဟုဆိုကာ အဓမ္မပြုကျင့်မှုဖြစ်ပွား

ဒီးမော့ဆိုမြိုနယ်တွင် နဝမတန်းကျောင်းသူတစ်ဦးအား အိမ်ပြန်လိုက်ပို့မည်ဟုဆိုကာ အဓမ္မပြုကျင့်မှုဖြစ်ပွား
Published 14 December 2017

ဒီးမော့ဆိုမြို့နေ နဝမတန်းကျောင်းသူ တစ်ဦးအား အိမ်ပြန်လိုက်ပို့မည်ဟုဆိုကာ အဓမ္မပြုကျင့်မှုဖြစ်ပွားသဖြင့် တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁၀ ရက် ညနေ ၆ နာရီခွဲတွင် ငွေတောင်ဆည်ဘောင်သို့ လမ်းလျှောက်ရန် မ - - - - အသက် ၁၆ နှစ် နဝမတန်းကျောင်းသူသည် ညီမဖြစ်သူနှင့် ညီမဝမ်းကွဲတော်သူတို့အပြင် သူငယ်ချင်းဖြစ်သူအပါအဝင် သုံးဦးတို့အား အဖော်ပြုကာ အိမ်မှထွက်လာစဉ် ငုပလော့ ၆ လမ်းထိပ်အရောက်တွင် သူငယ်ချင်းဖြစ်သူ၏ ရည်းစားဆိုသူနှင့် အဖော်တစ်ဦးတို့သည် လွိုင်ကော်မှ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကာ အအေးသောက်ရန် သူငယ်ချင်းဖြစ်သူနှင့် မ - - - - တို့အား ခေါ်ဆောင်သွားကြောင်း သိရသည် ။

ထို့နောက် လွိုင်ကော်မြို့ပန်ကန်းရပ်ကွက်ရှိ ကျော်ထူးစားသောက်ဆိုင်သို့ ရောက်ရှိစားသောက်ပြီးနောက် ည ၈ နာရီ ထိုးချိန်တွင် အဘွားဖြစ်သူ စိတ်ပူမည်စိုးသဖြင့် အိမ်ပြန်ရန် မ  - - - - က ပြောဆိုရာ သူငယ်ချင်းဖြစ်သူမှာ သူမ၏ ရည်းစားဆိုသူနှင့် ကျန်ခဲ့မည်ဖြစ်ပြီး ၎င်းအား ဒီးမော့ဆိုမှ ဆိုင်ကယ်ဖြင့် တင်ဆောင်လာသူ ရွှေတိုးဆိုသူက လိုက်ပို့ပေးမည်ဟုဆိုသဖြင့် လိုက်ပို့ကြောင်း သိရသည်။

ထိုသို့လိုက်ပို့စဉ် လွိုင်ကော်နှင့် ဒီးမော့ဆိုကြား ဒေါခလိုက်လင်းကျေးရွာအနီးတွင် ရွှေတိုးက ဆိုင်ကယ်အား လမ်းဘေးထိုးရပ်၍ မ  - - - -  အား လက်ဆွဲ၍ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ပြီးနောက် ငွေတောင်ကျေးရွာဘက် ကားလမ်းသို့ ထွက်ပြေးကာ နေအိမ်တစ်အိမ်အား ဝင်ရောက်အကူအညီတောင်းရာမှ မ - - - - ၏ အိမ်သို့ ကားဖြင့်လိုက်ပို့ခဲ့ကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မ- - - - ၏ မိဘများက ဒီးမော့ဆိုရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် ရွှေတိုးဖြစ်သူအား ပ (၆၀)/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီတွင် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent