ပဲမျိုးစုံကို ကုန်ကြမ်းအတိုင်း တင်ပို့မှုအစား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရန် စက်ရုံများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ပဲမျိုးစုံကို ကုန်ကြမ်းအတိုင်း တင်ပို့မှုအစား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရန် စက်ရုံများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိ
Published 14 December 2017

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို ပြည်ပတင်ပို့ရာ၌ ကုန်ကြမ်းအတိုင်း တင်ပို့နေမှုအစား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပဲသန့်စင်စက်ရုံများ၊ ခွဲခြမ်းပြုလုပ်သည့်စက်ရုံများ၊ ပဲအရောင်တင်သည့်စက်ရုံများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပဲလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်မှုမရှိစေရေးအတွက် ဈေးကွက်သစ်များ ရှာဖွေရေး၊  အသင်းအဖွဲ့များ  ခိုင်မာတောင့်တင်းရေးအတွက် သက်ဆိုင်ရာကုန်သည်၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ပဲမျိုးစုံကို လက်ရှိအနေအထားတွင် ကုန်ကြမ်းအတိုင်းသာ တင်ပို့နေရ၍ ဈေးနှုန်းအရ ထိခိုက်နစ်နာမှုရှိနေပြီး မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အပံ့ရရှိနိုင်စေရန်၊ ပဲမျိုးစုံကို  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြင်ဆင်မွမ်းမံပြီး ပြည်ပဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပဲလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ ပဲကုန်သည်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပဲသန့်စင်စက်ရုံများ၊ ခွဲခြမ်းပြုလုပ်သည့် စက်ရုံများ၊  ပဲအရောင်တင်သည့်စကများ တည်ဆောက်နိုင်ရေးကို ကူညီဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုတွင် နှစ်စဉ်အများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံက ပဲစင်းငုံတင်သွင်းမှု၊ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းမှုအား ကန့်သတ်ခဲ့ခြင်းကြောင့် ယခုဘဏ္ဍာနှစ် နိုဝင်ဘာ ၂၄ ရက်အထိ ကာလတူတင်ပို့မှုတွင် ကန်ဒေါ်လာ ၃၄၃ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent