NLD ပါတီမှ ဦးဆောင်သည့်လွှတ်တော်တွင် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ လေးစားခြင်းခံရပင်လျှင် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

NLD ပါတီမှ ဦးဆောင်သည့်လွှတ်တော်တွင် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ လေးစားခြင်းခံရပင်လျှင် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 13 December 2017

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားနေစဉ်

NLD ပါတီမှဦးဆောင်သည့် လွှတ်တော်အဖွဲ့တွင် ပါတီဝင်ကိုယ်စားလှယ်များအား တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ လေးစားခြင်းခံရပါက အောင်မြင်မှုတစ်ရပ်ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဇင်ဘာ ၁၂ ရက်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပစဉ် အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အားလုံးသိကြတဲ့အတိုင်း နိုင်ငံတော်ရဲ့အနေအထားကတော့ NLD ပါတီမှဦးဆောင်သည့် လွှတ်တော်အဖွဲ့နဲ့ အစိုးရအဖွဲ့မှာ အများစုပါဝင်တဲ့ အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့ပါတီနဲ့ လွှတ်တော်ကို ပြည်သူလေးစာခံရဖို့ အရေးကြီးလှပါတယ်။ အနီးဆုံးအခြေအနေထောက်ပြရရင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ လေးစားခံကြရရင်ဖြင့် အောင်မြင်မှုတစ်ရပ်ပါပဲ။ ဆိုလိုတာက ပြည်သူ့ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်နိုင်ရန်ကိစ္စမှာလည်း အရေးပါလှပါတယ်” ဟု ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

ဒီမိုကရေစီဝါဒတစ်ခုတွင် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်မှာ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ Check & Blance (အပြန်အလှန်ထိန်းကျောင်းနိုင်ရန်) အတွက်ခိုင်မာရန် အရေးပါမှုဖြစ်ကြောင်း၊ Check & Blance ဆိုရာတွင် တစ်ချိန်လုံးရန်ဖြစ်နေခြင်းမဟုတ်ဘဲ အစွန်းမထွက်အောင် ညှိနှိုင်းပေးရမည်ဖြစ်ကြောင်း၊ အထက်ရောက်နေသူတွေကို ဆွဲချဖို့မဟုတ်ဘဲ အောက်ရောက်နေသူများကို ဆွဲတင်ရန်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံစကားကို ကိုးကားခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လွှတ်တော်အပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ လွှတ်တော်များသည် ခုံရုံးများမဟုတ်ပါ၊ လက်ဝှေ့ကြိုးဝိုင်းများမဟုတ်ပါ။ ပြည်သူ့အကျိုးထမ်းဆောင်နိုင်ဖို့နဲ့ နိုင်ငံတော်အကျိုးထမ်းဆောင်နိုင်ဖို့ ဒီနေရာမှာ တာဝန်ယူရင်ဖြင့် ပါတီစည်းကမ်းထိန်းသိမ်းရေးတစ်ဖက်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် အရေးပါလှကြောင်း ပညာရှိသတိဖြစ်ခဲဆိုသလို သတိထားဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် နဝမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပုံမှန်မေးမြန်းသည့် မေးခွန်းနှင့်အဆိုများအပြင် ဘတ်ဂျက်ဆိုင်ရာဥပဒေများကို ပြည်ထောင်စုအဆင့်ဖြင့် ဆက်စပ်အတည်ပြုခြင်းများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent