၁၀ ရက်အတွင်း နိုင်ငံတစ်ဝန်းလုံး မီးလောင်ကျွမ်းမှု (၃၉) ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငါးဦးသေဆုံး

၁၀ ရက်အတွင်း နိုင်ငံတစ်ဝန်းလုံး မီးလောင်ကျွမ်းမှု (၃၉) ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငါးဦးသေဆုံး
Published 13 December 2017

ဒီဇင်ဘာ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ လောင်စာဆီဆိုင်နှင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုအား တွေ့ရစဉ်

၁၀ ရက်အတွင်း နိုင်ငံတစ်ဝန်းလုံး မီးလောင်ကျွမ်းမှု (၃၉) ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငါးဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

ဒီဇင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ မီးလောင်မှုများအနက် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်စဉ် ခြောက်ကြိမ်၊ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စဉ် ၁၄ ကြိမ်၊ လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ် ၁၃ ကြိမ်၊ မသမာသူရှို့မီးမှာ ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၁ ရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများအနက် ရှမ်းပြည်နယ်တွင် ခုနစ်ကြိမ် အများဆုံးဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ကြိမ် ဒုတိယအများဆုံး ဖြစ်ပွားခဲ့ကာ  မန္တလေးတိုင်း ဒေသကြီးတွင် ငါးကြိမ်ဖြင့် တတိယအများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ မီးလောင်မှုများအနက် ဒီဇင်ဘာ ၂  ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းမြေ့သာစည်မြို့နယ် ခိုင်ရွှေဝါလမ်းရှိ နေအိမ်များ မီးလောင်ကျွမ်းမှု၊ ဒီဇင်ဘာ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) ရှိ ပလတ်စတစ်စက်ရုံ မီးလောင်ကျွမ်းမှု၊ ဒီဇင်ဘာ ၈ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ စက်ရုံစုရပ်ကွက် မီးလောင်ကျွမ်းမှုနှင့် ရွှေပြည်သာမြို့နယ် (၈) ရပ်ကွက် ပန်းခြံလမ်းအတွင်း မီးလောင်ကျွမ်းမှုနှင့် ဒီဇင်ဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပြည်လမ်းနှင့် ဂျပန်လမ်းထိပ်၌ ကားတစ်စီး မီးလောင်ကျွမ်းမှု စသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ မီးလောင်မှုများကြောင့် ငါးဦးသေဆုံးခဲ့ပြီး ၂၈၃ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကာ အိမ်ခြေ ၄၉ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent