၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည်
Published 13 December 2017

တည်ဆောက်ပြီးစီးထားသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ တစ်ခုအား တွေ့ရစဉ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေးကုန်ကျမှု များပြား၍ လစာစုဆောင်းရရှိမှု နည်းပါးခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် တစုတစည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံရေးကောင်းမွန်ပြီး ရင်းနှီးသော မိတ်ဆွေအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း စသည်တို့ကြောင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် မဖြစ်မနေ အသစ်တည်ဆောက်ရမည့် ဆေးရုံ၊ ဆေးခန်းနှင့် လက်ရှိဆောက်လုပ်ဆဲဆေးရုံ၊ ဆေးခန်းများမှလွဲ၍ ဆေးရုံအသစ် ဆောက်လုပ်ခြင်းကို တစ်နှစ်တာ ရပ်နားမည်ဖြစ်ပြီး ပိုလျှံသော ရန်ပုံငွေကို ဝန်ထမ်းအိမ်ရာများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးဌာန အသီးသီးရှိ ဝန်ထမ်းများအတွက် ဦးစားပေး အစီအစဉ်ဖြင့် ထပ်မံတိုးချဲ့ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာနများတွင် ဝန်ထမ်းများအတွက် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာ စာရင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဦးစားပေး အစီအစဉ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများမှ တစ်ဆင့် ဒီဇင်ဘာ ၃ ရက်က တောင်းခံထားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ ကျပ်ဘီလျံ တစ်ထောင်ကျော် ရရှိထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် ကျပ် ၈၆၅၈၂ ဒသမ ၈၇၁ သန်း (ကျပ် ၈၆ ဘီလျံ ကျော်)၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၄၉၆၃၀ ဒသမ ၉၆၇ သန်း (ကျပ် ၃၄၉ ဘီလျံကျော်)၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၈၅၂၆၃ ဒသမ၂၉၈သန်း (ကျပ် ၄၈၅ ဘီလျံကျော်)၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၈၉၄၉ ဒသမ ၀၀၆ သန်း (ကျပ် ၇၀၈ ဘီလျံကျော်)၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈၄၅၅၅၃ ဒသမ ၃၆၂ သန်း (ကျပ် ၈၄၅ ဘီလျံကျော်)၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၈၅၀၆၄၄ ဒသမ ၇၀၆ သန်း (ကျပ် ၈၅၀ ဘီလျံကျော်) တို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် မတ်လအထိ တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် အထူးကုဆေးရုံ ၃၂ ရုံ၊ သင်ကြားရေးဆေးရုံ ကိုး ရုံ၊ ခုတင် ၅၀၀ ဆံ့ ဆေးရုံ ၁၁ ရုံ၊ ခုတင် ၃၀၀ ဆံ့ဆေးရုံ သုံးရုံ၊  ခုတင်၂၀၀ ဆံ့ဆေးရုံ ၂၇ ရုံ၊  ခုတင် ၁၅၀ ဆံ့ ဆေးရုံ နှစ်ရုံ၊  ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၄၁ ရုံ၊  ခုတင် ၅၀ ဆံ့ ဆေးရုံ ၁၁၂ ရုံ၊ ၂၅ ခုတင်ဆံ့ဆေးရုံ ၁၅၁ရုံ၊  ခုတင် ၁၆ ဆံ့ ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ဆေးရုံ ၇၂၅၊ စုစု ပေါင်း ဆေးရုံ ၁၁၂၃ ရုံနှင့် ယင်းဆေးရုံများတွင် ခွင့်ပြုခုတင် စုစုပေါင်း ၅၄၇၀၃ ရှိကြောင်း သိရသည်။

အထူးကုဆေးရုံများ၊ သင်ကြားရေး ဆေးရုံများကို မြို့ကြီးများတွင်သာ ဖွင့်လှစ်နိုင်သေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုက်နယ်ဆေးရုံ၊ ၂၅ ခုတင်ဆံ့၊ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများကိုသာ အများဆုံး ဖွင့်လှစ်ထားနိုင်သေးကြောင်း သိရသည်။

 

Most Read

Most Recent