တရုတ်နိုင်ငံသ့ို ကချင်ပြည်နယ်မှ သစ်မှောင်ခိုသယ်ယူမှု လျော့ကျနေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ သယ်ဆောင်နေဆဲ ဖြစ်ကြောင်းသိရ

တရုတ်နိုင်ငံသ့ို ကချင်ပြည်နယ်မှ သစ်မှောင်ခိုသယ်ယူမှု လျော့ကျနေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ သယ်ဆောင်နေဆဲ ဖြစ်ကြောင်းသိရ
Published 13 December 2017

ရွှေ့လီမြစ်ကြောင်းအတွင်း သိမ်းဆည်းရမိသည့် တရားမဝင်သစ်လုံးများအား တွေ့ရစဉ် (ဓာတ်ပုံ-သစ်တောဦးစီးဌာန)

တရုတ်နိုင်ငံသို့ ကချင်ပြည်နယ်မှ သစ်မှောင်ခိုသယ်ယူမှု လျော့ကျနေသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ သယ်ဆောင်နေဆဲ ဖြစ်ကြောင်း သစ်မှောင်ခို အသိုင်းအဝိုင်းမှ ယာဉ်မောင်းများနှင့် ပါဝင်ပတ်သက်သူများက ပြောကြားသည်။

တရုတ်နိုင်ငံသို့ ကချင်ပြည်နယ်ဘက်မှ သစ်မှောင်ခိုသယ်သည့် လမ်းကြောင်းမှာ စစ်ကိုင်းတိုင်း အတွင်းမှ သစ်များကို ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်ကာ ဗန်းမော်မြို့အောက်ပိုင်း ညောင်ပင်သာ၊ စာစတီးကျေးရွာ ဆိပ်ကမ်းများတွင် ဆိုက်ကပ်၍ ဆိုင်ကယ်များဖြင့် တင်ဆောင်ပြီး မန်စီမြို့ ဘုရားကုန်းသစ်ကွင်း မှတစ်ဆင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေ အင်ဘာပါဘက်သို့ သယ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်သူ တစ်ဦးက “ဗန်းမော်ဘက်လမ်းကြောင်းက နည်းသွားပြီ။ သုံးပေ၊ လေးပေ တိုလေးတွေကို ဆိုင်ကယ်ကယ်ရီနှင့် တင်နေကြတာ။ ဧရာဝတီမြစ်နံဘေးက စာဝတီး၊ ညောင်ပင်သာ ကပ်ပြီး ဆိုင်ကယ်နဲ့ မန်စီဘုရားကုန်းမှာ သစ်ကွင်းရှိတယ်။ အဲဒီကနေ အင်ဘာပါကို သယ်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက မန်စီ -ဂုတ်ထိပ် လမ်းပိုင်းက မဒံယံဘက်မှာ ဆိုင်ကယ်ကယ်ရီ ၂၀ လောက် ဖမ်းသေးတယ်။ အခု မန်စီရဲစခန်း အချုပ်ကို တပ်ကပို့ထားတယ်” ဟု ဆိုသည်။

ယခုနှစ် သစ်မှောင်ခို လုပ်ငန်းများတွင် ယခင်လမ်းကြောင်းဖြစ်သည့် မန်ဝိန်းကြီးဒေသမှ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ ထွက်သည့် လမ်းကြောင်းမှာ အထွက်မရှိသလောက်ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်-မိုးလို-မန်တုံ-မုံးဝီး-နန့်ခမ်း လမ်းကိုသာ အဓိက အသုံးပြုနေကြောင်း သိရသည်။

“မန်ဝိန်းကြီးလမ်းက ဒီနှစ်သွားတာ မကြားမိဘူး။ မိုးမိတ်-မန်တုံ-မုံးဝီး-နန့်ခမ်း ဘက်ကနေ ထွက်ကြတာ။ နည်းသေးတယ်။ နှစ်တိုင်းလောက်တော့ အလုပ်မဖြစ်သေးဘူး။ ကားကြီးတွေ မလာသေးဘူး။ ကေအိုင်အေ ဘက်ကလည်း သစ်သယ်တိုင်း တိုက်ပွဲတွေ ဖြစ်နေတော့ စိုးရိမ်တဲ့ သဘောရှိတယ်။ လွန်ခဲ့တဲ့ နှစ်တွေက တစ်ရက်ကို တန် ၆၀၀ လောက် တရုတ်ဘက်ကို သယ်တယ်။ အခုက တန် ၅၀၊ ၆၀ လောက်ပဲ။ လျှော့သွားတယ်။ သစ်အများစုက တွင်းငယ်၊ တကောင်းတို့ဘက်နေ လာကြတာ။ ကသာဘက်ကလည်း ပါတာရှိတယ်။ ကျွန်းသစ်အများဆုံးပါ။ အများဆုံး သယ်တာက နှစ်လလောက်ပဲ ရှိဦးမယ်။ လမ်းက သုံးရာသီစလုံး သုံးရတယ်။ ကျောက်ခင်းလမ်းပေါ့” ဟု ဗန်းမော်မြို့မှ သစ်မှောင်ခိုလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အလောင်းတော်ကဿဖ၊ မဟာမြိုင်၊ ပုံတောင်ပုံညာ ဒေသရှိ ဂန့်ဂေါကြိုးဝိုင်း စသည့်ဒေသများမှ သစ်များကို ပြင်ဦးလွင်နှင့် နောင်ချိုမြို့ အနီးမှတစ်ဆင့် ပြည်သူ့စစ် အမည်ခံ အဖွဲ့အစည်း အချို့က တာဝန်ယူ ပို့ဆောင်နေကြောင်း သစ်မှောင်ခိုကား မောင်းသူများမှတစ်ဆင့် သိရသည်။

“မန္တလေးဘက်ကထွက်တဲ့ သစ်တွေက ပြင်ဦးလွင်မြို့ဘက်က သစ်ကွင်းမှာရော၊ နောင်ချိုဘက်က သစ်ကွင်းမှာရော သူ့နည်းသူ့ဟန်နဲ့ ရောက်လာရင် အဲဒီမှာ ပြည်သူ့စစ်အဖွဲ့တွေ ရှိတယ်။ တာဝန်ယူပြီး သယ်တာ။ မန္တလေး-မူဆယ် လမ်းမကြီးအတိုင်း တက်ပြီး မူဆယ် ၁၀၅ မိုင် မရောက်ခင် ကြူကုတ်၊ ပန်ဆိုင်းဘက်ထွက်တဲ့ လမ်းကနေ ရွှေလီမြစ်ကို ဖြတ်ပြီးသယ်တာ။ လမ်းတော့ အသေးစိတ် မသိတော့ဘူး။ အောက်တုန်ခမ်းလမ်းဘက် ဖြတ်တာပဲ။ အဲဒီဘက်တော့ အရှည်တွေ အလုပ်ဖြစ်တယ်။ နောက်ပြီး ရှမ်းမြောက်နှင့် ရှမ်းတောင်ကြားက လဲချားဘက်ကလည်း ထွက်နေတယ်။ အဖွဲ့အစည်းတွေက အဓိကပေါ့။ တရုတ်ဘက်ကတော့ ကျွန်းက တစ်တန် သိန်း ၅၀ ကနေ သိန်း ၈၀ လောက်အထိရှိတယ်။ လှရင်လှသလိုပေါ့။ ပိတောက်က ဈေးနည်းနည်းလျော့တယ်” ဟု တရုတ်နိုင်ငံ ရွှေလီမြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံတွင် မြန်မာပြည်မှ သစ်များကို နောင်တောင်းမြို့နှင့် ရွေလီမြို့ ကျယ်လန့် ရပ်ကွက်တို့တွင် စုပုံကာ ပရိဘောဂနှင့် ကုန်ကြမ်းများ ထုတ်လုပ်လျက်ရှိပြီး အဖိုးတန်းသစ်များကို တရုတ်နိုင်ငံ ပြည်တွင်းမြို့ကြီးများ အထိ ပို့ဆောင်နေကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ၂၀၁၇ ခုနှစ် မတ် ၂၀ ရက် ဒုတိယအကြိမ် ဆဋ္ဌမ အကြိမ်မြောက် ပထမနေ့ လွှတ်တော်အစည်းအဝေးတွင် အစိုးရသစ် ကာလအတွင်း ကျွန်း ၆၇၄ ဒသမ ၁၉၇၄ တန်၊ သစ်မာ ၅၆ ဒသမ ၇၉၅၁ တန်၊ အခြား ၉၁၂၁ ဒသမ ၂၇၅၂ တန် စုစုပေါင်း ၉၈၅၂ ဒသမ ၂၆၇၇ တန် ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့သည်။

Most Recent